ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိအကျဉ်းစခန်း၊ ရဲစခန်း၊ တရားရုံး၊ ဆေးရုံများရှိအချုပ်ခန်းများအားကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်ချက်အမှတ်စဉ် ( ၆/ ၂၀၁၇/ ကာကွယ်)

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၃-၂-၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးရှိ အကျဉ်းဦးစီးဌာန မင်းကုန်းအလုပ်စခန်း၊ လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းနှင့် လှည်းကူးမြို့မရဲစခန်းနှင့် လှည်းကူး မြို့နယ် တရားရုံးတို့ရှိ အချုပ်ခန်းများ၊ ၂၇-၂-၂၀၁၇ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့မရဲစခန်း၊ မြို့နယ် တရားရုံး၊ သုဝဏ္ဏနယ်မြေရဲစခန်း၊ တောင်ဥက္ကလာပမြို့မရဲစခန်းနှင့် မြို့နယ်တရားရုံးတို့ရှိ အချုပ် ခန်းများအားကြည့်ရှု စစ်ဆေးပြီးအောက်ပါတို့ကိုသက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြံပြုခဲ့ပါသည်-

(က)     လှည်းကူးမြို့မရဲစခန်းအချုပ်ခန်းတွင် ကျားအချုပ်ခန်းဘေးအိမ်သာနှင့် ကပ်လျက် ကော်ရစ်တာတွင် ရေယိုစိမ့်နေခြင်းအား ပြုပြင်ရန်၊ အချုပ်ခန်းအတွင်းရှိ အိမ်သာများ အား အနံ့မထွက်စေရေး သန့်ရှင်းရေး ဆောင်ရွက်ရန်၊

(ခ)     မင်းကုန်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းတွင် လိုအပ်နေသော ဝန်ထမ်းအင်အားကို ဖြည်းတင်းခန့် အပ်ပေးရန်၊ ဝင်ဆံ့မှုထက်ကျော်လွန်နေသဖြင့် အိပ်ဆောင်တိုးချဲ့ဆောက်လုပ်ရန်နှင့် အမိုးအကာပေါက်ပြဲနေသော အိပ်ဆောင်များကို မိုးမကျမှီအချိန်မှီပြုပြင်ရန်၊ ညမိလ္လာများသန့်ရှင်းရေးစနစ်တကျ ဆောင်ရွက်ရန်၊

(ဂ)     လှည်းကူးမြို့နယ် တရားရုံးအချုပ်ခန်းဝင်ပေါက်သည် ၂ ပေခွဲပတ်လည်သာရှိသဖြင့် ပြုပြင်သည့်အခါ ၆ ပေအမြင့် ပြင်ဆင်ရန်၊ အချုပ်ခန်းအတွင်း အိမ်သာများ အနံ့ မထွက်စေရေး သန့်ရှင်းရေး ဆောင်ရွက်ရန်၊

(ဃ)    လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း အိပ်ဆောင် အတွင်းရှိ အိမ်သာများပေါ်တွင် CCTV ကင်မရာ ၂ လုံးတပ်ဆင်ထားသဖြင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို ထိပါးနိုင်သည်ဟု သုံးသပ်ရသဖြင့် ပြန်လည်စိစစ်ရန်၊

(င)     သင်္ဃန်းကျွန်းမြို့နယ် တရားရုံးအချုပ်ခန်းသည် အချုပ်သားဦးရေများပြီး ကြပ်တည်း နေသဖြင့်အချုပ်ခန်း အကျယ်တိုးချဲ့ရေး ဆောင်ရွက်ရန်၊ တောင်ဥက္ကလာပမြို့မ ရဲစခန်း အချုပ်ခန်းတွင် အနည်းငယ်ပျက်စီးနေသောကွပ်ပျစ်များအားပြင်ဆင်ရန်၊

(စ)     တောင်ဥက္ကလာပမြို့နယ်တရားရုံး အချုပ်ခန်းရှိမအချုပ်ခန်းအား ပြင်ဆင်ရန်နှင့် ကျားအချုပ်ခန်း၌ ကွပ်ပျစ်ခင်းရန်။

၂။      စစ်ဆေးခဲ့သောနေရာများတွင် ဖော်ပြပါ ပြုပြင်ရန်အချက်များမှလွဲ၍ အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများ မတွေ့ရှိရကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ခုနှစ် မတ်လ   ၆   ရက်