ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာ အဖြစ်အပျက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ သတင်းထုတ်ပြန်ချက် (၂/၂၀၁၄)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာ အဖြစ်အပျက်နှင့် ပတ်သက်၍

 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏သတင်းထုတ်ပြန်ချက်

(၂/၂၀၁၄)

 

၁။      ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာအဖြစ်အပျက်နှင့်ပတ်သက်၍ ဖြစ် ပေါ်ခဲ့သည့် သတင်းများကို စုံစမ်းရန်အလို့ငှာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး နှင့် အဖွဲ့ဝင်(၃)ဦးပါ ကော်မရှင်အဖွဲ့သည် ၃၀-၁-၂၀၁၄ ရက်နေ့မှ ၃-၂-၂၀၁၄ ရက် နေ့အထိစစ်တွေ၊ မောင်တောမြို့နယ်များသို့သွားရောက်ခဲ့ပြီး ဒုချီးရားတန်းကျေးရွာအုပ်စုသို့လည်း သွားရောက်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

၂။      အဆိုပါခရီးစဉ်အတွင်း ကော်မရှင်အဖွဲ့သည် –

(က)    ဇန်နဝါရီလ(၉)ရက်နေ့တွင် ဘင်္ဂါလီ(၈)ဦးအား ရခိုင်တိုင်းရင်းသားများက သတ်ဖြတ် ခဲ့သည်ဆိုသောသတင်း

(ခ)     ဇန်နဝါရီလ(၁၃)ရက်နေ့တွင် ရဲတပ်ဖွဲ့လှည့်ကင်းအား ဒုချီးရားတန်း အလယ်ရွာမှ ဘင်္ဂါလီများကအကြမ်းဖက်တိုက်ခိုက်မှုနှင့်ဆက်စပ်၍ ရဲတပ်ဖွဲ့မှ ပစ်ခတ်သတ်ဖြတ် သဖြင့် ဘင်္ဂါလီ (၄၀)ဦးသေဆုံးသည်ဆိုသောသတင်းနှင့်

(ဂ)     အထက်ပါပစ်ခတ်မှုများကြောင့် ဒဏ်ရာရလူနာ(၂၂)ဦးအားMSF(Medicines Sans Frontiers)အဖွဲ့မှ ဆေးကုသပေးခဲ့ရသည်ဆိုသော အင်တာနက်သတင်းတို့နှင့်ပတ်သက် ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့ပါသည်-

–        ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးအချို့နှင့် ၃၀-၁-၂၀၁၄ ရက်နေ့နှင့် ၃-၂-၂၀၁၄ရက်နေ့များတွင်တွေ့ဆုံဆွေးနွေးခြင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများထံမှ ထွက်ဆိုချက်များရယူခြင်း၊

–        ရဲအရာရှိကြီး (၃) ဦးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် တာဝန်ရှိသူများ၊ ကင်းချောင်းအုပ်ချုပ်ရေးမှူးနှင့်ရွာသားအချို့၊ မောင်တောရဲစခန်းတွင်စစ်ဆေး လျက်ရှိသော အချုပ်သား(၄)ဦးအားစစ်ဆေးမေးမြန်း၍ထွက်ဆိုချက်များ ရယူ ခြင်း၊

–        ဒုချီးရားတန်းကျေးရွာနှင့် အနီးတဝိုက်ရှိဘင်္ဂါလီရွာများမှ အမျိုးသား၊ အမျိုး သမီးများအားမေးမြန်းခြင်း၊ စစ်ဆေး၍ ထွက်ဆိုချက်များရယူခြင်း၊

–        ဒုချီးရားတန်းအလယ်ရွာ မူလတန်းကျောင်းတွင် ဒုချီးရားတန်းကျေးရွာမှ ကျေးရွာလူကြီးများနှင့်ဘာသာရေးခေါင်းဆောင်(၂၀)ခန့်နှင့် တွေ့ဆုံဆွေးနွေး ခြင်း၊ ဘင်္ဂါလီ (၈)ဦးနှင့် (၄၀)ခန့်အား သတ်ဖြတ်ခဲ့သည်ဆိုသော သတင်းကို စိစစ်ခြင်း၊

–        ဒုချီးရားတန်းကျေးရွာမှ အမျိုးသမီး (၂၀၀)ကျော်အား တွေ့ဆုံကာ ဒုချီးရား တန်း ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းတို့တိုင်ကြားချက်များကိုလက်ခံရယူခြင်း၊ အချို့ထံမှ ထွက်ချက်များရယူခြင်း၊

–        UNHCR,UNOCHAနှင့် MSF အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ သတင်း များ စိစစ်ခြင်း၊

–        မောင်တောမြို့နယ်ရှိ ရခိုင်တိုင်းရင်းသား ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေး ခြင်း၊

–        မောင်တောမြို့နယ်ရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ နှင့် တွေ့ဆုံဆွေးနွေးခြင်း၊

–        အကြမ်းဖက်မှုဖြစ်ပွားခဲ့သော ၂၈-၁-၂၀၁၄ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ သည့် ဒုချီးရားတန်းအနောက်ရွာ အပါအဝင် ဒုချီးရားတန်းကျေးရွာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးခြင်း၊

–        ခရေမြိုင်ကျေးရွာသင်္ချိုင်း သို့သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၊

၃။      အထက်ဖော်ပြပါဆောင်ရွက်ချက်များမှ ကော်မရှင်အဖွဲ့၏ တွေ့ရှိချက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

(က)    ဇန်နဝါရီလ(၉)ရက်နေ့တွင် ဘင်္ဂါလီ(၈)ဦးအသတ်ခံရသည့်သတင်းမှာ ရခိုင်တိုင်းရင်း သားများ နေထိုင်သည့် ခရေမြိုင်ရွာနှင့် ကင်းချောင်းရွာတို့တွင် မြေပြင်သတင်းများ မဖြစ်ပေါ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ သို့ရာတွင် ကောလာဟလအဖြစ် အရပ် သတင်း ဖြစ်နေသည်ကိုတွေ့ရပါသည်။

(ခ)     ဘင်္ဂါလီ (၈)ဦးအား ခရေမြိုင်သင်္ချိုင်းတွင် မြှုပ်ထားသည်ကို ထင်းခုတ်သမား တစ်ဦး က တွေ့မြင်ခဲ့သည်ဟူသောသတင်းသည် ဒုချီးရားတန်း ဘင်္ဂါလီရွာများတွင် ဖြစ်ပေါ် ခဲ့သော်လည်း ဤသတင်းကို အတည်ပြုနိုင်သော အထောက်အထားများမတွေ့ရှိရပါ။

(ဂ)     ရခိုင်တိုင်းရင်းသားများအနေဖြင့်မူ ဤသတင်းအား အင်တာနက်သတင်းအဖြစ်သာ သိရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

(ဃ)    ဤသတင်းများကို ဒုချီးရားတန်းရွာမှ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များ နှင့် တွေ့ဆုံရာတွင်လည်းကောင်း၊ ဒုချီးရားတန်းရွာမှ အမျိုးသမီး (၂၀၀)ကျော်နှင့် တွေ့ဆုံရာတွင်လည်းကောင်း မည်သူကမျှတင်ပြခြင်း၊ ထွက်ဆိုခြင်းများ မရှိကြောင်း တွေ့ရှိရပါ သည်။

(င)     ဘင်္ဂါလီ(၈)ဦးအား သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲထားသည့် သတင်းအမျိုးမျိုးသည် အတည်ပြု၍ မရသည်ကိုတွေ့ရပါသည်။

(စ)     ဇန်နဝါရီလ(၁၃)ရက်နေ့ ဒုချီးရားတန်း(အလယ်ရွာ) ဖြစ်စဉ်ဖြစ်ပွားပြီး ယင်းညတွင် တပ်နှင့်ရဲတပ်ဖွဲ့တို့မှဒုချီးရားတန်းရွာတွင်းသို့ဝင်ရောက်၍ရဲတပ်ကြပ်ကြီးအောင်ကျော် သိန်း အား ရှာဖွေခဲ့ကြောင်းသိရပါသည်။

(ဆ)    ဒုချီးရားတန်းဘင်္ဂါလီရွာများမှ ဘင်္ဂါလီ (၄၀)အသတ်ခံရသည်ဟူသော သတင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ရဲအရာရှိကြီးများ၊ ရဲတပ်သားများ၊ သက်ဆိုင်ရာကျေးရွာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒုချီးရားတန်းရွာမှဘင်္ဂါလီရပ်မိရပ်ဖများ နှင့် အမျိုးသမီးများထံမှကော်မရှင်အဖွဲ့က ထွက်ဆိုချက်များရယူခဲ့ရာတွင် အဆိုပါ သတင်းများမှန်ကန်ကြောင်း အတည်ပြုချက် မရရှိခဲ့ပါ။

(ဇ)     ဘင်္ဂါလီဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် အမျိုးသမီးများအား ၎င်း တို့၏ အမြင်များကို ပွင့်လင်းစွာတင်ပြရန် မိမိတို့ကော်မရှင်က တိုက်တွန်းခဲ့သော် လည်း ထွက်ဆိုချက်များသည် အတည်ပြုနိုင်သော သတင်းအချက်အလက် တစ်စုံ တစ်ရာမပါရှိကြောင်း တွေ့ရပါသည်။

(ဈ)     ဘင်္ဂါလီရွာသားများ၏ထွက်ဆိုချက်များတွင်လည်းရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးဆောင်သည့် ကင်းလှည့်အဖွဲ့အား ရွာသားများက အကြမ်းဖက်သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာမျှ ထွက်ဆိုခြင်းမရှိခဲ့သည်ကိုလည်း သတိပြုမိခဲ့ပါသည်။

(ည)    ဘင်္ဂါလီများ သတ်ဖြတ်ခံရသည့်သတင်းကိုဖော်ပြရာတွင်လည်းကွဲလွဲနေသည်ကို တွေ့ ရပါသည်။ ဥပမာ-ဇန်နဝါရီလ(၁၃)ရက်နေ့ညတွင် ရဲများပစ်ခတ်မှုကြောင့် လူပေါင်း (၁၀၀)ကျော်သေဆုံးခဲ့သည်ဟူသော သတင်းများရှိခဲ့သကဲ့သို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့လည်း အသတ်ခံရသူ(၅၂) ဦးစာရင်းပေးခဲ့သည်ဟူသော သတင်းမှားများ ဖေါ်ပြထားသည်ကိုလည်း တွေ့ရှိရပါသည်။ သို့သော်မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့အသတ်ခံရသူ(၅၂)ဦးစာရင်းကိုအမှန်တကယ် ပေးခဲ့ခြင်းမရှိပါ။

၄။     ကော်မရှင်အဖွဲ့သည် MSF အဖွဲ့ကို တွေ့ဆုံဆွေးနွေးရာတွင် MSF အဖွဲ့က သေနတ်ဒဏ်ရာ ရရှိသူ(၁)ဦး၊ ညိုမဲဒဏ်ရာရရှိသူ (၄)ဦး၊ ပြတ်ရှဒဏ်ရာရရှိသူ (၁၀)ဦးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားရသူ(၇)ဦး၊ စုစုပေါင်း(၂၂) ဦးအား ကုသပေးခဲ့သည်ဟု ဖြေကြားပါသည်။ သို့ရာတွင်၎င်း အဖွဲ့ အစည်းက လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းသဘာဝကြောင့် လူနာအမည်စာရင်းသည် အတွင်းရေးကိစ္စဖြစ်သဖြင့်လူနာအမည်စာရင်းပေးအပ်နိုင်ခြင်းမရှိကြောင်းဖြေကြားပါသည်။ မေးမြန်း ရာတွင် သေနတ်ဒဏ်ရာလူနာကိစ္စကိုမူ ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနသို့ အသိပေးခဲ့ခြင်း မရှိ ကြောင်း၊ ယင်းလူနာအားဆေးရုံသို့ သွားရောက်ရန်သာ တိုက်တွန်းခဲ့ကြောင်း ပြောကြားပါသည်။ သို့သော် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကျန်းမာရေးဦးစီးမှူး၏ စစ်ဆေးဖော်ထုတ်ချက်အရ MSF ဆေးခန်းတွင် ယင်းကဲ့သို့သော ဒဏ်ရာရရှိသူများအား ကုသပေးရခြင်းမရှိကြောင်း အဆိုပါ ဆေးခန်းမှ ဆရာဝန်နှစ်ဦးက ထွက်ဆိုခဲ့သည်ကိုလည်း သိရှိရပါသည်။

 ၅။     ကော်မရှင်အဖွဲ့၏ ဆောင်ရွက်ချက်များနှင့် တွေ့ရှိချက်များကို ၅-၂-၂၀၁၄ ရက်နေ့တွင် ကျန် ကော်မရှင်အဖွဲ့ဝင်များနှင့်ဆွေးနွေးပြီး အောက်ပါသုံးသပ်ချက်နှင့် အကြံပြုချက်များရရှိခဲ့ကြပါသည်-

–        ဘင်္ဂါလီ(၈)ဦးနှင့် (၄၀)ဦး အသတ်ခံရသည်ဟုစွပ်စွဲသည့် သတင်းကို ခိုင်မာသော မြေပြင်သတင်းမရှိသဖြင့် အတည်ပြု၍ မရသောသတင်းများဟုသုံးသပ်ပါသည်။

–        ဒုချီးရားတန်းဖြစ်စဉ်နှင့်ပတ်သက်၍တာဝန်ရှိသူအစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် အခြေအနေမှန်ကို သတင်းထုတ်ပြန်ရန် နောက်ကျကြောင်း၊ ယင်းနောက်ကျမှုသည် ကောလာဟလနှင့် အခြေအမြစ်မရှိသည့်သတင်းများကိုဖြစ်စေခဲ့သည်ဟု သုံးသပ်ပါ သည်။

–        ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းဦးစီးသည့် ရဲတပ်သား(၃)ဦးသည် ဘင်္ဂါလီအုပ်စုက ဝိုင်း၍တိုက်ခိုက်ရန်လာသည့်အခါ အမိန့်အတိုင်း ခြောက်လှန့်ပစ်ခတ်ရန် ကြိုးပမ်းခဲ့ သော်လည်း ကျည်မထွက်သဖြင့်အကြမ်းဖက်အုပ်စုအားတားဆီးနိုင်ခြင်းမရှိဘဲ အခြေ အနေ ရှုပ်ထွေးသွားပြီးရဲတပ်ကြပ်ကြီးပျောက်ဆုံးသည်အထိဖြစ်သွားသည်ဟု သုံးသပ် ရပါသည်။ အလားတူအဖြစ်အပျက်များနောင်မဖြစ်စေရေးအတွက်လိုအပ်သည့်အရေး ယူ ဆောင်ရွက်မှုပြုရန် အကြံပြုအပ်ပါသည်။

–        ၁၃-၁-၂၀၁၄ ရက်နေ့ညတွင် ဒုချီးရားတန်းအရှေ့နှင့် အလယ်ရွာများမှ ရွာသားများ သည် ထွက်ပြေးတိမ်းရှောင်သွားမှုကြောင့် ရှုပ်ထွေးမှုဖြစ်ပွားလာချိန်တွင် ၎င်းတို့၏ ပိုင်ဆိုင်မှုများ၊ ဆန်စပါးနှင့်ကျွဲနွားများ လုယက်ခြင်းခံခဲ့ရသည်ဟု ယူဆရပါသည်။ အဆိုပါကျေးရွာနှစ်ရွာတွင်  စားနပ်ရိက္ခာနှင့် အခြားအခြေခံလိုအပ်ချက်များ ရှိနေပါ သဖြင့်   ထောက်ပံ့ရေးကို လိုအပ်သကဲ့သို့ ဆောင်ရွက်သင့်ပါသည်။

–        ဒုချီးရားတန်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် ကျေးရွာများအကြား တင်းမာမှုများ နှင့် စိုးရိမ်မှုများဆက်လက်ရှိနေသည်ကို ထောက်ရှုလျက် အဆိုပါဒေသများတွင် ပြဿနာများ ထပ်မံမပေါ်ပေါက်စေရန်အထူးလုံခြုံရေးအစီအမံများကို ဦးစားပေးကိစ္စ အဖြစ်ဆောင်ရွက် သင့်ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ  ၁၄  ရက်