မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာအုပ်စုအတွင်း ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် (၆/၂၀၁၆)

၁။      မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာအုပ်စု၊ ဒါဒတ်ကွင်း ကျေးရွာနှင့် ဝါးဒတ်ကွင်းကျေးရွာတွင် ၁၂-၁၁-၂၀၁၅ ရက်နေ့က သိမ်ဇရပ်ရဲများ၊ သုံးခွ ကျေးရွာနှင့် ရေကျော်ကျေးရွာမှ အုပ်ချုပ်ရေးမှူးများ ဦးဆောင်သော လူအင်အား ၇၀ ဦးခန့်မှ တဲအိမ်များကို ဖျက်ဆီးခဲ့ကြောင်း၊ အမျိုးသမီးများနှင့် ကလေးများကို ကာအိန္ဒြေပျက်စေခဲ့ ကြောင်း၊ ၂၃-၁၁-၂၀၁၅ ရက်နေ့တွင် ဝါးဒတ်ကွင်း ရာအိမ်မှူး ခေါင်းဆောင်သောအဖွဲ့က တဲအိမ်များကို ဘူဒိုဇာဖြင့် ထိုးဖျက်ခဲ့ကြောင်း၊ ၈-၁၂-၂၀၁၅ ရက်နေ့တွင် ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ဦးဆောင်သောအဖွဲ့က လက်နက်များကိုင်ဆောင်ပြီး ခြိမ်းခြောက်ကာ သေနတ် ၃ ချက် ပစ်ဖောက်ခဲ့ကြောင်း၊ ၂၀-၁၂-၂၀၁၅ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ အင်အားသုံး၍ ဖြိုခွဲခဲ့ကြောင်း၊ ၂-၂-၂၀၁၆ ရက်နေ့တွင် ရာအိမ်မှူး ဦးဆောင်သော အဖွဲ့က ၎င်းတို့၏တဲအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စသည့် အချက်များပါဝင်သော ၃၁-၃-၂၀၁၆ ရက်စွဲပါ တိုင်ကြားစာကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၈-၄-၂၀၁၆ ရက်နေ့တွင် လက်ခံရရှိခဲ့ပါသည်။

၂။      ၈-၄-၂၀၁၆ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် တိုင် တန်းချက်အစည်းအဝေး ပြုလုပ်ပြီး အထက်ပါကိစ္စရပ်နှင့်ပတ်သက်၍ တိုင်ကြားသူများကို ဆက်သွယ်ခေါ်ယူခဲ့ပါသည်။ ၂၆-၄-၂၀၁၆ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ တိုင်ကြားမှုနှင့်ပတ်သက်သောပုဂ္ဂိုလ် ၁၁ ဦး၏ထွက်ဆိုချက်များကို ကြားနာခဲ့ ပါသည်။

၃။      ၅-၅-၂၀၁၆ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်နှင့် ဒေါ်မြမြတို့ပါဝင်သော ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ သည် သိမ်ဇရပ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် နှစ်ဖက်သက်သေ ၁၅ ဦးကို တွေ့ဆုံစစ်ဆေး ခြင်း၊ အခင်းဖြစ်ပွားသည့်နေရာသို့ သွားရောက်ကြည့်ရှုခြင်း၊ အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ ချုပ်နှောင်ခံထားရသူ ၂ ဦးကို ကျိုက်ထိုမြို့မရဲစခန်းတွင် တွေ့ဆုံမေးမြန်းခြင်း၊ စာရွက်စာတမ်း အထောက်အထားများကို လေ့လာကြည့်ရှုခြင်း စသည်တို့ကို ​ဆောင်ရွက်ခဲ့ပါသည်။

စစ်ဆေးတွေ့ရှိချက်များ

၄။      အခင်းဖြစ်ပွားသောနေရာသည် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာအုပ်စု၊ ဝါးဒတ်ကွင်း ကျေးရွာအနီးရှိ စက္ကူစက်ရုံ ကုန်ကြမ်း စိုက်ခင်း (၆/၂၀၀၄) ကို စက်မှုဝန်ကြီးဌာနမှ ပြန်လည် အပ်နှံသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ နိုင်ငံတော် စီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေအဖြစ် သတ်မှတ် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ၎င်းမြေသည် ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ ကွင်း အမှတ် (OSS 5) တွင် တည်ရှိပြီး၊ ဝါးဒတ်ကွင်းကျေးရွာ တိုးချဲ့ရန်အတွက် မြေ ၉၂ ဧကကို အသုံးပြုခွင့်ရရှိရေး ဥပဒေနှင့်အညီ တင်ပြတောင်းခံ ထားသောမြေဖြစ်ကြောင်း၊ ၁၅-၆-၂၀၁၅ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသို့ ကျေးရွာတိုးချဲ့အသုံးပြုမည့် ၎င်းမြေဧရိယာကို နယ်နိမိတ်သတ်မှတ်ပြီး ဝင်ရောက်ကျူးကျော်မှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် စာဖြင့်အကြောင်းကြားခဲ့ကြောင်း တွေ့ရှိရပါသည်။

၅။      ၁၅-၁၀-၂၀၁၅ ရက်နေ့တွင် ဦးမောင်ရွှေ၊ (ဘ) ဦးစန်းလှိုင်၊ ၇/ဝမန (နိုင်) ၀၄၂၇၆၀၊ ဘူတာအဗျားကျေးရွာ၊ ဝေါမြို့နယ်နေသူ ဦးဆောင်သော အင်အား ၅၀ ဦးခန့်သည် ယင်းမြေ ပေါ်သို့ ကျူးကျော်ခြံစည်းရိုး ကာရံမည်ဟု သိရှိရ၍ သိမ်ဇရပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင် ဇော်မှ ၎င်းတို့နှင့် တွေ့ဆုံ၍ အထက်ဌာနမှ တိုးချဲ့ခွင့် ရရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ရာ ဦးမောင်ရွှေနှင့်အဖွဲ့က လက်ခံခြင်း မရှိဘဲ ဝါးတိုင်များဖြင့် ယာယီခြံစည်းရိုး ကာရံခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

၆။      ၁၆-၁၀-၂၀၁၅ ရက်​​နေ့တွင် ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျိုက်ထိုမြို့နယ် ရဲ တပ်ဖွဲ့မှူး၊ ကျိုက်ထိုမြို့နယ် ဖွံ့ဖြိုးတိုးတက်​ရေးအ​ထောက်အကူပြု​ကော်မတီဥက္ကဋ္ဌ၊ သိမ်ဇရပ် နယ်​မြေရဲစခန်းမှူး၊ သိမ်ဇရပ်​ကျေးရွာ အုပ်ချုပ်​ရေးမှူးနှင့် သုံးခွကျေးရွာအုပ်ချုပ်​ရေးမှူးတို့ သည် ဝါးဒတ်ကွင်း​ကျေးရွာ ဓမ္မသိဒ္ဓိဘုန်း​တော်ကြီးကျောင်း၌ ဦး​မောင်ရွှေ ဦး​ဆောင်သော ကျေးရွာသူ၊ ကျေးရွာသား ၇၄ ဦးကိုတွေ့ဆုံ၍ ဥပဒေနှင့်အညီ ​ဆောင်ရွက်ရန် ရှင်းလင်းပြော ဆိုခဲ့​ကြောင်း သိရှိရပါသည်။

၇။      ၂၁-၁၀-၂၀၁၅ ရက်​နေ့တွင် ဦး​မောင်ရွှေ ဦးဆောင်သော ကျေးရွာသူ၊ ကျေးရွာသား ၇၀ ဦးခန့်တို့သည် ၎င်းမြေနေရာပေါ်တွင် ခြုံနွယ်များ ရှင်းလင်းပြီး၊ အကွက်များရိုက်ကာ ခြံစည်း ရိုးများ ကာရံခြင်းကို ဆက်လက်​ဆောင်ရွက်ခဲ့​ကြောင်း သိရှိရပါသည်။

၈။      ၂၂-၁၀-၂၀၁၅ ရက်​နေ့တွင် ကျိုက်ထိုမြို့နယ် အုပ်ချုပ်​ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး တို့ ဦး​ဆောင်သောအဖွဲ့သည် ၎င်း​မြေ​နေရာတွင် “နိုင်ငံ​တော် စီမံခန့်ခွဲ ပိုင်ခွင့်​ရှိ​သောမြေ မကျူး​ကျော်ရ” ဆိုင်းဘုတ်နှင့် “မြို့နယ်အထွေထွေ အုပ်ချုပ်​ရေးဦးစီးဌာန အမိန့်အမှတ် (၂ / ၂၀၁၅)” ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြောင်း၊ အမိန့်အမှတ် (၂/၂၀၁၅)တွင် အောက်ပါအချက် များ ပါဝင်ကြောင်း သိရှိရပါသည်-

(က)   နိုင်ငံ​တော်က စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ်တွင် ခွင့်ပြုချက် မရှိဘဲ ကျူးကျော် ၍ သီးနှံစိုက်ပျိုးခြင်း၊ အိမ်ရာ ဖော်ထုတ်ခြင်း၊ အိမ်ရာ ဆောက်လုပ် နေထိုင်ခြင်း နှင့် အခြားနည်း ဆောင်ရွက်ခြင်း မပြုရ၊

( ခ)   ဤအမိန့်ကို မလိုက်နာသူများအား တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေး ယူခြင်း ခံရမည်။

၉။      ၁၁-၁၁-၂၀၁၅ ရက်နေ့တွင် ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး တို့ ဦးဆောင်သောအဖွဲ့သည် တားမြစ် ဧရိယာအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာ ဦးဘိုဘိုအောင် (ပါ) ၁၂ ဦးတို့က ကျူးကျော်ဝင်ရောက်နေထိုင်သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ၎င်းတို့အား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈ အရ အရေးယူပေးရန် ဦးတိုက်လျှောက်ထားခဲ့ရာ ကျိုက်ထိုမြို့ နယ်တရားရုံးက ပြစ်မှုကြီးအမှတ် ၆၉၈/၂၀၁၅ ဖြင့် လက်ခံစစ်ဆေးလျက်ရှိကြောင်း သိရှိရ ပါသည်။

၁၀။   ၁-၁၂-၂၀၁၅ ရက်နေ့တွင် ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ၎င်းမြေနှင့်ပတ်သက် ၍ အမိန့်အမှတ် (၂/၂၀၁၅) ထုတ်ပြန်ထားပြီးဖြစ်သော်လည်း လိုက်နာခြင်းမရှိဘဲ ကျူးကျော် အိမ်ရာများ ဆောက်လုပ်နေထိုင်ခြင်း၊ ခြံစည်းရိုးများ ကာရံခြင်းတို့ကို ဆောင်ရွက်ထားသဖြင့် ၇-၁၂-၂၀၁၅ ရက်နေ့ နောက်ဆုံးထား၍ မိမိတို့အစီအစဉ်ဖြင့် ရှင်းလင်းဖယ်ရှား ဖျက်သိမ်းရန် နှင့် သတ်မှတ်ရက် ကျော်လွန်ပါက ဥပဒေနှင့်အညီ ရှင်းလင်းဖယ်ရှားရန် အသိပေးကြေညာခဲ့ ကြောင်း သိရှိရပါသည်။

၁၁။    ၈-၁၂-၂၀၁၅ ရက်နေ့တွင် ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ပါဝင်သောအဖွဲ့သည် ကျူးကျော်ကွက်သစ်အတွင်း လှည့်လည်စစ်ဆေး၍ မြို့နယ်အုပ်ချုပ်ရေး မှူး၏အမိန့်ကြော်ငြာစာအား အသံချဲ့စက်ဖြင့် ထပ်မံအသိပေး ကြေညာခဲ့ကြောင်း၊ ကျူးကျော် သူများမှ လေးခွဖြင့်ပစ်သဖြင့် ပြည်သူ့စစ် နိုင်ထူးအောင်အား ထိမှန်ခဲ့ကြောင်း၊ ပြည်သူ့စစ် နိုင်ထူးအောင်မှ ၎င်းကိုင်ဆောင်ထားသော M-22 ​သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ဦးမောင်ရွှေ(ပါ) ၆ ဦးအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈ အရ အရေးယူပေးရန် လျှောက်ထားခဲ့ရာ ကျိုက်ထိုမြို့နယ်တရားရုံးက ပြစ်မှုကြီးအမှတ် ၇၆၈/၂၀၁၅ ဖြင့် လက်ခံစစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

၁၂။    ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာ ရာအိမ်စုမှူး ဦးခင်အေး (ခ) ဦးပဲသီး(ပါ) ၈ ဦး တို့က မြေယာများ ရောင်းစားမှုနှင့် ပြည်သူများအပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်းအား အရေးယူ ဆောင်ရွက်ပေးပါရန် ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားမှုနှင့်ပတ်သက်၍ ကျိုက်ထိုမြို့နယ် စစ်ဆေးရေးကော်မတီအဖွဲ့ဝင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဆောင် သောအဖွဲ့က တိုင်ကြားသူနှင့် သက်သေ များအား ၉-၁၂-၂၀၁၅၊ ၁၂-၁၂-၂၀၁၅ ရက်နေ့နှင့် ၁၃-၁၂-၂၀၁၅ ရက်နေ့တို့တွင် စစ်ဆေးမေး မြန်းခဲ့ကြောင်း သိရှိရပါသည်။

၁၃။    ၂၆-၁၂-၂၀၁၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် သိမ်ဇရပ်နယ်မြေရဲစခန်းမှ ဒုရဲအုပ် အေးလွင် ဦးစီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦးသည် ရာအိမ်မှူး ဦးခင်အေး(ပါ) ၇ ဦးနှင့်အတူ ဝါးဒတ် ကွင်းကျေးရွာ ဓမ္မသိဒ္ဒိဘုန်းကြီးကျောင်းရှေ့ လမ်းဆုံတွင် ကျူးကျော်တဲစုမှ ရွာသားအချို့နှင့် ရုန်း ရင်းဆန်ခတ်ဖြစ်ပွားပြီး ရဲဒုတပ်ကြပ်စိုးရာဇာ၏နဖူးတွင် ပေါက်ပြဲဒဏ်ရာ ၁ ချက်ရရှိခဲ့၍ သိမ် ဇရပ်ရဲစခန်းတွင် (ပ) ၂၁၂/၁၅၊ ပြစ်မှုပုဒ်မ ၃၃၃/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရှိရ ပါသည်။

၁၄။    ၃၀-၁-၂၀၁၆ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့်တွင် အခင်းဖြစ်ပွားရာ ကျူးကျော်တဲစု များအား ဒေသခံရွာသားအချို့မှ ဝင်ရောက်ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်း၊ ဖျက်ဆီးခံရသူ ဒေါ် မြင့်မြင့်စန်းနှင့် ဦးမင်းမင်းအောင်(ပါ) ၆ ဦးတို့က ကျိုက်ထိုမြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ရာ ကျိုက်ထိုမြို့နယ်တရားရုံးက ပြစ်မှုကြီးအမှတ် ၇၂/၂၀၁၆၊ ၇၃/၂၀၁၆၊ ၇၄/၂၀၁၆၊ ၇၅/၂၀၁၆၊ ၇၆/၂၀၁၆ တို့ဖြင့် လက်ခံစစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

၁၅။   ၂-၂-၂၀၁၆ ရက်​​​​နေ့ ည ၈ နာရီခန့်တွင် ဝါးဒတ်ကွင်းရွာမှ ဆယ်အိမ်မှူး ဦးစိုးစိုးကို ကျူးကျော်သူ ဦးမောင်ရွှေတို့အဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း၊ ရာအိမ်မှူး ဦးခင်အေး (ခ) ဦးပဲသီး ဦးဆောင်သည့် ဒေသခံရွာသားအချို့မှ လိုက်လံကယ်ဆယ်ခေါ်ယူစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွား ပြီး ရွာသားအချို့က ကျူးကျော်တဲများအား မီးရှို့ခဲ့ကြောင်း၊ အခင်းဖြစ်ပွားစဉ် ရဲတပ်ဖွဲ့ဝင်များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာခြင်း မရှိကြောင်း၊ မီးရှို့မှုနှင့်ပတ်သက်၍ ဒေါ်ဝင်းရီမှ တရားလိုပြုလုပ်ပြီး ဝါးဒတ်ကွင်းကျေးရွာ ရာအိမ်မှူး ဦးခင်အေး (ခ) ဦးပဲသီး ဦးဆောင် သောရွာသားများအား အရေးယူပေးရန် တိုင်တန်းခဲ့သဖြင့် သိမ်ဇရပ်ရဲစခန်း (ပ) ၁၆/၂၀၁၆ ပြစ်မှုပုဒ်မ ၄၃၆ အရ အမှုဖွင့်လှစ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏အကြံပြုတိုက်တွန်းချက်

၁၆။     မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အခင်းဖြစ်ပွားရာမြေများနှင့်ပတ်သက်၍ မြေကွက်နေရာချ ထားရေးကော်မတီ ဖွဲ့စည်းခြင်း၊ ရှင်းလင်းပြတ်သားသော မြေကွက်နေရာချထားရေး မူဝါဒများချမှတ်ခြင်းနှင့် ပွင့်လင်းမြင်သာစွာ မြေကွက်ချထားပေးခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးသင့်ပါသည်။

၁၇။     အခင်းဖြစ်ပွားရာနယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ရရှိစေရန် အတွက် ကျိုက်ထိုမြို့နယ် တရားရုံးအနေဖြင့် ဤကိစ္စနှင့်ပတ်သက်၍ လက်ခံစစ်ဆေးလျက်ရှိသော အမှုများကို ဦးစားပေး စစ်ဆေးစီရင်သင့်ပါသည်။

၁၈။     ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် ဤကိစ္စနှင့်ပတ်သက်၍ ရဲစခန်းတွင် ဖွင့်လှစ်ထား သောအမှုများအား ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ပြီး ဆောလျင်စွာ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

                                                မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၁၆ ခုနှစ်၊ မေလ ၉ ရက်