မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၉/၂၀၁၇)

၁။      ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အစွန်းရောက်အကြမ်းဖက်သမား များသည် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ လုံခြုံရေး တာဝန်ထမ်းဆောင်နေသော ရဲကင်းစခန်း ၃၀ နှင့် တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်ရင်း ဌာနချုပ် တို့ကို အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ တပ်မတော်သား ၁ ဦး စုစုပေါင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၁ ဦးတို့ ကျဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ဦးနှင့် အပြစ်မဲ့ပြည်သူအများအပြား ဒဏ်ရာရရှိကာ လက်နက် ၆ လက် ဆုံးရှုံးခဲ့ရကြောင်း သိရှိရပါသည်။

၂။      ယင်းကဲ့သို့ အကြမ်းဖက်သမားများ၏ လက်နက်မျိုးစုံ စွဲကိုင်၍ သောင်းကျန်းသော နည်းလမ်းဖြင့် ကြမ်းတမ်းရက်စက်သည့် တိုက်ခိုက်မှု လုပ်ရပ်များကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပါသည်။

၃။      နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် သဟဇာတဖြစ်မှုတို့ အတွက် ဆောင်ရွက်နေချိန်တွင် ယခုဖြစ်ရပ်သည် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို  များစွာ ထိခိုက်စေသည်ဟု ခံယူပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်