မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် (၁၁/ကာကွယ်/၂၀၁၇)

၁။      အင်းမ နယ်မြေရဲတပ်ဖွဲ့ ရဲစခန်း၌ မောင်ချမ်းမြေ့အောင်၊ မောင်ကျော်ဇင်အောင်၊ မောင်ကျော်ရဲခေါင်ထူး (ခ) ဖိုးသားတို့အား မော်တော် ဆိုင်ကယ်ခိုးယူခြင်းမရှိဘဲ ဖိအားပေး၍ မတရား ညှဉ်းပန်းနှိပ်စက်ကာ စစ်ဆေးမေးမြန်းခဲ့ပြီး အမှန်တကယ် ပြစ်မှုကျူးလွန်သူ နှစ်ဦးက ဝန်ခံထွက်ဆိုသဖြင့် ၎င်းတို့အား ပြန်လည်လွှတ်ပေးလိုက်သော်လည်း မတရား နှိပ်စက်ခံရခြင်း၊ ဂုဏ်သိက္ခာ ထိခိုက်နစ်နာရခြင်းများ ဖြစ်ပေါ်သည်ဟုလည်းကောင်း၊ ထိုသို့စစ်ဆေးနေစဉ် တာဝန်ရှိ စခန်းမှူး ရဲအုပ်သန်းဇော်သည် တာဝန်မှူးရုံးစားပွဲပေါ်၌ အရက်၊ ဘီယာများ သောက်စားပြီး စစ်ဆေးခဲ့သည်ဟုလည်းကောင်း ဖော်ပြလျက် ဗွီဒီယိုဖိုင်နှင့်အတူ ကော်မရှင်သို့ တိုင်တန်းလာ သဖြင့် ကော်မရှင်မှ ကွင်းဆင်းစုံစမ်းစစ်ဆေးရေး အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့သို့ သွားရောက်၍ အမှုနှင့်သက်ဆိုင်သူများကို စစ်ဆေးမေးမြန်းခဲ့ ပါသည်။

၂။      စစ်ဆေးတွေ့ရှိချက်များအရ တိုင်တန်းချက်တွင် ပူးတွဲဖော်ပြထားသော ဗွီဒီယိုအရလည်း ကောင်း၊ သက်သေများ၏ ထွက်ဆိုချက်များအရလည်းကောင်း တိုင်တန်းချက်ပါ ဖြစ်စဉ်များသည် မှန်ကန်ကြောင်း တွေ့ရှိရသဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် အောက်ဖော်ပြပါ အကြံပြုချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည် –

(က)    တာဝန်ရှိသူများအား စီမံခန့်ခွဲရေးနည်းလမ်းအရ လိုအပ်သလို အရေးယူ ဆောင်ရွက် သင့်ကြောင်း၊

(ခ)     ရိုက်နှက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ ဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်အချို့နှင့် တာဝန်ရှိသူကြီးကြပ်သူ အဆင့်ဆင့်ကို လိုအပ်သလို အရေးယူ ဆောင်ရွက်သင့် ကြောင်း၊

(ဂ)     နောင်တွင် အလားတူ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများအား ဖမ်းဆီး ချုပ်နှာင်၍ ရိုက်နှက်၊ ညှဉ်းပန်းနှိပ်စက်ပြီး ဝန်ခံစေခြင်းများ မပြုလုပ်ဘဲ သက်သေ အထောက်အထားများကို မှန်ကန်ခိုင်မာစွာ စနစ်တကျ ရှာဖွေဖော်ထုတ်ပြီး ဥပဒေ နှင့်အညီ ဝန်ခံစေသည့် အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေး ရဲတပ်ဖွဲ့ဝင်များအား သင်ကြားပေးသင့်ကြောင်း။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၅ ရက်