မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် (၂/ကာကွယ်/၂၀၁၈)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ပြည်အကျဉ်းထောင်၊ ပေါင်းတည်အချုပ်ထောင်နှင့် ပြည်မြို့နှင့် ပေါင်းတည်မြို့များရှိ ရဲစခန်းအချုပ်ခန်းတို့အား ၁၅-၁-၂၀၁၈ နေ့မှ ၁၇-၁-၂၀၁၈ ရက်နေ့ထိ ကြည့်ရှု စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့အကြံပြုခဲ့ပါသည်။

၂။      ပြည်အကျဉ်းထောင်နှင့်ပတ်သက်၍ အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    စာကြည့်တိုက်တွင် ဗဟုသုတရရှိစေပြီး စိတ်ကို ပြောင်းလဲစေမည့် စာအုပ်စာပေ စာစောင်များအား ထပ်မံဖြည့်ဆည်းပေးပြီး ယခုထက်ပိုမို၍ လွတ်လပ်စွာ ဖတ်ရှု ခွင့်ပြု ပေးသင့်ပါသည်။

(ခ)     မိလ္လာပိုက်များတွင်  မိလ္လာများမဆင်းဘဲ ပိတ်ဆို့နေခြင်းကြောင့် အဆင်းပိုက်တွင် ချို့ယွင်းချက်ရှိ မရှိ စစ်ဆေးခြင်းနှင့် ရေအလုံအလောက်သုံးစွဲနိုင်ရေး စီစဉ် ပေးခြင်း များ ပြုလုပ်ပေးသင့်ပါသည်။

(ဂ)     မိလ္လာများအား ခပ်ထုတ်၍ ပုံးများဖြင့် သယ်ပို့စွန့်ပစ်နေရခြင်းနှင့် ယင်းကဲ့သို့ ခပ်ယူ သယ်ပို့ချိန်တွင် အနံ့အသက်များဆိုးရွားကြောင်းသိရသဖြင့် မိလ္လာများအား မိလ္လာကန် သို့ ပိုက်ဖြင့် တိုက်ရိုက်ဆင်းသွားစေရေး အင်ဂျင်နီယာဖြင့်တိုင်ပင် ဆောင်ရွက်သင့် ပါသည်။ လိုအပ်ပါက ဘတ်ဂျက်တင်ပြတောင်းခံ ဆောင်ရွက်သင့်ပါသည်။

(ဃ)    ဖယောင်းပုဆိုးကောင်းမွန်မှုမရှိသော အိပ်ဆောင်များကို အသစ်လဲလှယ်ခင်းနိုင်ရေး စီစဉ်ဆောင်ရွက်သင့်ပါသည်။

(င)     အိပ်ဆောင်ဟောင်းများတွင် အကျဉ်းသားအင်အားများပြားပြီး ညမိလ္လာတစ်လုံးစီသာ ရှိသဖြင့် တိုးချဲ့ဆောက်လုပ်ပေးသင့်ပါသည်။

(စ)       အိပ်ဆောင် (၃) တွင် လျှပ်စစ်မီး အချိန်ပြည့်ရရှိသော်လည်း အိပ်ဆောင်(၁) နှင့်(၂)တို့ တွင် အချိန်ပြည့် မရရှိသေးကြောင်းသိရှိရသဖြင့် လိုအပ်သလိုစိစစ် ဆောင်ရွက်ပေး သင့်ပါသည်။

(ဆ)    အကျဉ်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းနှင့် ပြဿနာဖြစ်ပါက အခြားအခန်းမှ အကျဉ်းသား တန်းစီးများက ဝင်ရောက် ထိုးကြိတ်ဆုံးမမှုများရှိနေသဖြင့် မရှိစေရေး တာဝန်ရှိသူများမှ ကြပ်မတ်သင့်ပါသည်။

(ဇ)     အကျဉ်းသားအချို့၏ တင်ပြချက်အရ ကြမ်းပိုးနှင့် ခြင်များ ကိုက်ကြောင်း သိရှိရသ ဖြင့် ကြမ်းပိုးသတ်ဆေးနှင့် ခြင်ဆေးများကို အခါအားလျော်စွာ ဖြန်းပေးသင့် ပါသည်။

(ဈ)     ဝတ်စုံများ မလုံလောက်သူများကို ထုတ်ပေးရေးနှင့် ကော်မရှင် ကြည့်ရှု စစ်ဆေးရေး အဖွဲ့ လာရောက်စဉ် ထုတ်ပေးထားသော ပုံစံဝတ်စုံများကို ပြန်လည် မသိမ်းဆည်းရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ည)    နေ့စဉ်ထုတ် သတင်းစာအနည်းဆုံး တစ်စောင်နှင့်၊ ဂျာနယ်တစ်စောင်ကို အကျဉ်း သားများ ပုံမှန်ဖတ်ရှု နိုင်စေရေးအတွက် ဝယ်ယူပြီး စာကြည့်တိုက်တွင် ထားပေးသင့် ပါသည်။

(ဋ)     ယားနာပေါက်နေသူများကို ယားနာဆေးလုံလောက်စွာ ထုတ်ပေးနိုင်ရေး ဆောင်ရွက် ပေးသင့်ပါသည်။

(ဌ)     အိပ်ဆောင်အချို့တွင် ရုပ်မြင်သံကြားလိုင်းများကို သတ်မှတ်ထားသည့် အချိန်လိုက် ကြည့်ရှု ခွင့်မရကြောင်း သိရှိရသဖြင့် ပြန်လည်စိစစ် ခွင့်ပြုပေးသင့်ပါသည်။

(ဍ)     မိဘ ဆွေမျိုးများနှင့် နီးစပ်သင့်လျော်ရာ အကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုသူ များနှင့် ကျန်းမာရေးမကောင်းခြင်းကြောင့်ဆေးကုသလိုသည့် အကျဉ်းသား  (၈) ဦးအား လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ပါက ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်ပေး သင့်ပါသည်။

(ဎ)     မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ခေါ်ယူတွေ့ဆုံမေးမြန်းသော အကျဉ်းသားများအပေါ် အငြိုးအတေးထား၍ ဆက်ဆံခြင်း၊ အခြားအကျဉ်းထောင် များသို့ ပြောင်းရွှေ့ခြင်းများအပါအဝင် လက်တုံ့ပြန်မှု မပြုစေရေးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေ ပုဒ်မ ၃၈ အရ အလေးထားဂရုပြု ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်။

၃။      ပေါင်းတည်အချုပ်ထောင်နှင့်ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    စားဖိုကြီးတွင် ယင်ကောင်များပေါများနေကြောင်းတွေ့ရသဖြင့် ဝမ်းရောဂါဖြစ်ပွားနိုင် ရာ ယင်ကောင်များ လျော့နည်းရေး ဆောင်ရွက်သင့်ပါသည်။

(ခ)     အိပ်ဆောင်များရှိ မိလ္လာနှင့် နံရံကြားနေရာများတွင် သန့်ရှင်းရေး မကောင်းသဖြင့် သန့်ရှင်းရေး ဆောင်ရွက်သင့်ပါသည်။

(ဂ)     အကျဉ်းသူ အိပ်ဆောင်တွင် ၉ လအရွယ် ကလေးငယ်တစ်ဦးရှိသဖြင့် ဖြည့်စွက်အစာ များ ကျွေးမွေးနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ဃ)    တိုက်ခန်းတွင် ထားရှိသည့် တီဘီရောဂါသည် အကျဉ်းသား ၂ ဦးအား ခွန်အားဖြည့် အစာကျွေးမွေးရန်နှင့် ကိုယ်လက်လှုပ်ရှားရန် အချိန်ပေးသင့်ပါသည်။

(င)     ရေမြောင်းများတွင် ရေဆိုးများအိုင်နေပြီး အနံ့အသက် မကောင်းခြင်းကြောင့် ထုံးဖြူး ခြင်း၊ သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ရေစီးရေလာကောင်းရန် ပြုပြင်ခြင်းများ ဆောင်ရွက်သင့်ပါသည်။

(စ)     အသည်းရောဂါ ဖြစ်ပွားနေသည့်အကျဉ်းသားတစ်ဦးကို သက်သာမှု မရှိကြောင်း သိရှိရသဖြင့် ဆေးရုံရှိသည့် အကျဉ်းထောင်တစ်ခုခုသို့ ပြောင်းရွှေ့ကုသနိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ဆ)    စာကြည့်တိုက်တွင် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေများနှင့် စိတ်ဓာတ် တိုးတက် ကောင်းမွန်စေမည့်စာအုပ်များ ထပ်မံ ဖြည့်ဆည်းသင့်ပါသည်။

(ဇ)     အချုပ်ထောင်တွင် ယောဂကဲ့သို့သော တရားထိုင်နည်းပြဆရာများကို ဖိတ်ကြား၍ တရားစခန်းများ အခါအားလျော်စွာ ဖွင့်လှစ်ပေးသင့်ပါသည်။

(ဈ)     မိဘ ဆွေမျိုးများနှင့် နီးစပ်သင့်လျော်ရာ အကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုသူနှင့် ကျန်းမာရေးမကောင်းခြင်းကြောင့်ဆေးကုသလိုသည့် အကျဉ်းသား  ၂ ဦးအား လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်ပါကပြောင်းရွှေ့နိုင်ရေးဆောင်ရွက်ပေးသင့်ပါသည်။

၄။      တရားရုံးအချုပ်ခန်းများနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    ပြည်ခရိုင်၊ မြို့နယ်တရားရုံးအချုပ်ခန်း

(၁)     ဝင်ပေါက်တံခါးများအမြင့် ၆ ပေအထိပြင်ဆင်ဖောက်လုပ်ပေးစေလိုပါသည်။

(၂)     အချုပ်ခန်းအိမ်သာများ သန့်ရှင်းရေးပြုလုပ်ရန်ညွှန်ကြားပေးစေလိုပါသည်။

(ခ)     ပေါင်းတည်မြို့နယ်တရားရုံးအချုပ်ခန်း

          (၁)     ကွပ်ပျစ်များ ထားရှိပေးစေလိုပါသည်။

(၂)     အိမ်သာ ဆောက်လုပ်ပေးစေလိုပါသည်။

(၃)     မ အချုပ်ခန်းသီးခြားဆောက်လုပ်ပေးစေလိုပါသည်။

(၄)     အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုတစ်လလျှင်၅သောင်းကျပ်နှုန်း ပေးသွင်း နေခြင်းအစား လက်ရှိမြေနေရာကို တရားရေးဌာနပိုင်မြေနေရာအဖြစ် တင်ပြ တောင်းခံခြင်းဖြစ်စေ၊ သီးခြားမြေနေရာရှာ၍ အဆောက်အဦဆောက်လုပ်ခွင့် ကို အစိုးရအဖွဲ့ထံ တင်ပြခြင်းဖြစ်စေ ဆောင်ရွက်သင့်ပါသည်။

၄။      ရဲစခန်းအချုပ်များနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    ပြည်မြို့အမှတ်(၁)ရဲစခန်းအချုပ်ခန်း။ အချုပ်ခန်းအတွင်းရှိ မိလ္လာများမှာ သန့်ရှင်းမှု မရှိပါ။

(ခ)     ပြည်မြို့အမှတ် (၂) ရဲစခန်းအချုပ်ခန်း။ အချုပ်ခန်းများအတွင်း၌ ကွပ်ပျစ်များ မကောင်းခြင်းနှင့် မိလ္လာအနံ့အသက်မကောင်းခြင်းများကို တွေ့ရှိရပါသည်။

၅။      ပေါင်းတည်မြို့ ပြည်သူ့ဆေးရုံကြီးအား စစ်ဆေးရာ ဆေးရုံတက်ရောက်ကုသသည့် TB ရောဂါသည် အကျဉ်းသား တစ်ဦး တွေ့ရှိရပြီး သီးခြား အခန်း (Guard Ward) မရှိသဖြင့် မိလ္လာ၊ ရေချိုးခန်းမပါသည့် အခန်း တစ်ခုတွင် ထားရှိကုသနေရကြောင်း တွေ့ရှိရသဖြင့် ပေါင်းတည် ဆေးရုံတွင် အချုပ်သား/အကျဉ်းသားများ သီးခြားထားရှိနိုင်မည့် မိလ္လာ၊ ရေချိုးခန်းပါဝင်သော ဆေးရုံအချုပ်ခန်း (Guard Ward) တည်ဆောက်နိုင်ရေး လိုအပ်သလို ဆက်လက် ဆောင်ရွက် နိုင်ပါရန် အကြံပြုပေးပို့ခဲ့ပါသည်။

                                                                  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်