မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် မန္တလေးမြို့၊ နောင်ချိုမြို့၊ သီပေါမြို့နှင့် လားရှိုးမြို့များရှိ အကျဉ်းထောင်များနှင့် အလုပ်စခန်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်( ၈/၂၀၁၅)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်း၊ ဦးညွန့်ဆွေနှင့် ဒေါ်မြမြတို့သည် ကော်မရှင်ရုံးဝန်ထမ်းဒေါက်တာဇေယျာစိုး (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါ်ရွှေရည်စံတို့ လိုက်ပါလျက် မန္တလေးမြို့၊ နောင်ချိုမြို့၊ သီပေါမြို့နှင့် လားရှိုးမြို့များရှိ အကျဉ်းထောင်များနှင့် အလုပ်စခန်းများအား ၈-၆-၂၀၁၅ ရက်နေ့တွင် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် စာရင်းဇယားများအား ဖတ်ရှုလေ့လာခြင်း၊ အိပ်ဆောင်များ အတွင်း ကြည့်ရှုစစ်ဆေးခြင်းနှင့် အကျဉ်းသား၊ အချုပ်သား၊ လုပ်အားရှင်အချို့တို့အား တစ်ဦးချင်း သီးခြားတွေ့ဆုံ မေးမြန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။

၃။      စစ်ဆေးတွေ့ရှိချက်များမှာ-

(က)    မန္တလေးအကျဉ်းထောင်သည် တစ်ဦးချင်းဝင်ဆံ့မှု ၁၈ စတုရန်းပေအကျယ်ဖြင့် တွက်ချက်ထားမှုအရ အကျဉ်းသား/သူ ၄၀၀၀ ကျော်သာထားရှိနိုင်သော်လည်း ယခုအခါ အကျဉ်းသား/ သူ ၅၀၀၀ ကျော်အား ထိန်းသိမ်းထားရှိကြောင်း တွေ့ရှိရပါ သည်။

( ခ)    မန္တလေးအကျဉ်းထောင်တွင်ဖွင့်လှစ်ထားသောသင်တန်းများ၌ အသုံးစရိတ်များအား တပ်ဖွဲ့ရန်ပုံငွေ မှ အသုံးပြုနေရကြောင်း တွေ့ရှိရပါသည်။

( ဂ)    အချို့ထောင်တွင်းလုပ်ငန်းများမှ ဝင်ငွေရရှိသော်လည်း လုပ်အားခ သတ်မှတ်ပေးမှု မရှိကြောင်း တွေ့ရှိရပါ သည်။

(ဃ)    မန္တလေးအကျဉ်းထောင်တွင် အမျိုးသမီးဆရာဝန်မရှိကြောင်း တွေ့ရှိရပါသည်။

( င)    မန္တလေးအကျဉ်းထောင်ဆေးရုံသည် ၂၅ ကုတင်ဆံ့ဆေးရုံဖြစ်သော်လည်း ကျန်းမာ ရေး ဝန်ကြီးဌာနမှ ပံ့ပိုး သောဆေးဝါးများရရှိမှုနည်းပါးနေကြောင်း တွေ့ရှိရပါသည်။

( စ)    UN Standard Minimum Rules နှင့်ပတ်သက်၍ ဆောင်ရွက်ချက်များအား ကြိုးစား အကောင် အထည်ဖော်နေကြကြောင်း တွေ့ရှိရပါသည်။

(ဆ)    မန္တလေးအကျဉ်းထောင်တွင် အမျိုးသမီးအကျဉ်းသူ/အချုပ်သူများအတွက် အမျိုးသမီး လစဉ်သုံးပစ္စည်းများလုံလောက်စွာမရှိကြောင်း တွေ့ရှိရပါသည်။

( ဇ)    ထုံးဘို (၁) ကျောက်ထုတ်စခန်းတွင် အနီဆိုင်းဘုတ်ဖြင့်ထောင်စည်းကမ်းများကို ရေးသားထားပြီး အဖြူရောင်ဆိုင်းဘုတ်ဖြင့် လုပ်အားရှင်များအတွက် ကျန်ရှိသည့် လွတ်ရက်များကို ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

(ဈ)     ထုံးဘို (၁) ကျောက်ထုတ်စခန်းတွင် လုပ်အားရှင်များအတွက် မိမိတို့၏ သဘောဆန္ဒ ကို ဖော်ပြနိုင်ရန် ထမင်းစားဆောင်တွင် စာတိုက်ပုံး ချိတ်ဆွဲပေးထားကြောင်း တွေ့ရှိ ရပါသည်။

(ည)    ထုံးဘို (၁) နှင့် ထုံးဘို (၂) ကျောက်ထုတ်စခန်းများရှိ အိပ်ဆောင်များတွင် မျက်နှာ ကျက် ပန်ကာများ တပ်ဆင်ပေးထားကြောင်း တွေ့ရှိရပါသည်။

( ဋ)    လွင်ကြီးစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းတွင် သွေးတိုး၊ ဆီးချို လုပ်အားရှင်များရှိသော်လည်း သွေးတိုင်းစက်/သွေးဖောက်စက် များမရှိ ကြောင်း တွေ့ရှိရပါသည်။

( ဌ)    လွင်ကြီးစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းတွင် အသက် ၆၀ ကျော် လုပ်အားရှင် တစ်ဦးရှိကြောင်း တွေ့ရှိရပါသည်။

( ဍ)    သီပေါအကျဉ်းထောင်တွင် အကျဉ်းသားများ ရေချိုးကန်ဘောင်မှာ နိမ့်နေသဖြင့် ချိုးရေများ ကန်အတွင်းသို့ ဝင်ရောက်နေကြောင်း တွေ့ရှိရပါသည်။

( ဎ)    သီပေါအကျဉ်းထောင် အိပ်ဆောင်များသည် လေဝင်လေထွက်နည်းပါးပြီး ပူလောင် အိုက်စပ်နေကြောင်း တွေ့ရှိရပါသည်။

(ဏ)   လားရှိုးအကျဉ်းထောင်တွင် တီဘီ၊ HIV စစ်ဆေးရန် ဆန္ဒရှိသူများအား စစ်ဆေး ပေးလျှက်ရှိကြောင်း တွေ့ရှိရပါသည်။

(တ)    လားရှိုးအကျဉ်းထောင်တွင် အကျဉ်းသား ဝင်ဆံ့မှုထက် ၂ ဆခန့် ကျော်လွန်နေ ကြောင်း တွေ့ရှိရပါသည်။

(ထ)    လားရှိုးအကျဉ်းထောင်တွင် တီဘီနှင့် HIV ရောဂါသည်များအား ရောနှောထား ကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အကြံပြုတိုက်တွန်းချက်များ

၄။      အကြံပြုတိုက်တွန်းချက်များ-

(က)    မန္တလေးအကျဉ်းထောင်တွင် အသက်မွေးမှု ပညာသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်၍ သင်တန်းအသုံးစရိတ်များအတွက် သင့်လျော်သော ရန်ပုံငွေတစ်ရပ် မတည် ထူထောင်ထားသင့်ပါသည်။

( ခ)    မန္တလေးအကျဉ်းထောင်တွင် အိပ်ဆောင်ဝင်ဆံ့မှုထက် အကျဉ်းသားဦးရေမှာ ကျော် လွန်နေသည့်အတွက် အိပ်ဆောင်များ တိုးချဲ့တည်ဆောက်ခြင်း၊ အာမခံပေးသင့် သည့်အချုပ်သားများကို အာမခံပေးခြင်း၊ လွတ်နီးအကျဉ်းသားများအား လွတ်ငြိမ်း ချမ်းသာခွင့်ပြုခြင်း သို့မဟုတ် ခံဝန်ဖြင့် နေထိုင်စေခြင်းများ ပြုလုပ်သင့်ပါသည်။

( ဂ)    မန္တလေးအကျဉ်းထောင်တွင် လစ်လပ်နေသော အမျိုးသမီးဆရာဝန်အား အမြန်ဆုံး ခန့်အပ်သင့်ပါသည်။

(ဃ)    မန္တလေးအကျဉ်းထောင်ရှိ ၂၅ ကုတင်ဆံ့ဆေးရုံအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများ တိုးမြှင့်တောင်းခံသင့်ပါသည်။

( င)    မန္တလေးအကျဉ်းထောင် မီးဖိုကြီးအတွက် စပါးခွံနှင့် ဖွဲများ ထားရှိသည့်နေရာအား အမိုးအကာ ပြုလုပ်သင့်ပါသည်။

(စ)     မန္တလေးအကျဉ်းထောင်တွင် ဝင်ငွေရလုပ်ငန်းများမှ ရရှိလာသော အကျိုးအမြတ် ငွေကြေးများကို စနစ်တကျ စာရင်းဇယားများပြုလုပ်ခြင်း၊ လုပ်အားရှင်များအား ထိုက်သင့်သည့်လုပ်အားခ သို့မဟုတ် အကျိုးခံစားခွင့်များပေးအပ်ရေး စဉ်းစားသင့် ပါသည်။

(ဆ)    မန္တလေးအကျဉ်းထောင်တွင် အလုပ်စခန်းများမှ ပြောင်းရွှေ့လာသော ရဲဘက်များ အတွက် ရသင့်ရထိုက်သော လုပ်အားခအား အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေး သင့်ပါသည်။

( ဇ)    ထုံးဘို (၁) ကျောက်ထုတ်စခန်းကဲ့သို့ မိမိတို့၏ ဆန္ဒကို ဖော်ထုတ်ရန် စာတိုက်ပုံးများ ထားရှိမှုကို အခြားထောင်/ စခန်းများတွင်လည်း ဆောင်ရွက်သင့်ပါသည်။

(ဈ)     လွင်ကြီးစခန်းတွင် စာကြည့်တိုက်ရှိ စာအုပ်များ နည်းပါးနေသောကြောင့် ဝယ်ယူ ဖြည့်တင်း သင့်ပါသည်။

(ည)    အလုပ်စခန်းများတွင် စာမတတ်သူ အကျဉ်းသားများအတွက် “အ” သုံးလုံး သင်တန်းများ ဖွင့်လှစ်ပေးသင့်ပါသည်။

( ဋ)    လွင်ကြီးစခန်းမှ အသက် ၆၀ ကျော် လုပ်အားရှင်တစ်ဦးအား အကျဉ်းထောင်သို့ ပြန်လည် ပို့ဆောင်သင့်ပါသည်။

( ဌ)    သီပေါအကျဉ်းထောင်၏ ရေချိုးကန်ဘောင်အား ၂ ပေခန့် ထပ်မံ မြှင့်တင်သင့်ပါသည်။

( ဍ)    သီပေါအကျဉ်းထောင် အိပ်ဆောင်များတွင် မျက်နှာကျက်ပန်ကာများ တပ်ဆင်ပေးသင့် ပါသည်။

( ဎ)    လားရှိုးအကျဉ်းထောင်သည် အိပ်ဆောင်ဝင်ဆံ့မှုထက် အကျဉ်းသားဦးရေမှာ ကျော် လွန်နေသည့်အတွက် အိပ်ဆောင်များ တိုးချဲ့တည်ဆောက်ခြင်း၊ အာမခံ ပေးသင့် သည့်အချုပ်သားများကို အာမခံပေးခြင်း၊ လွတ်နီးအကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့်ပြုခြင်း သို့မဟုတ် ခံဝန်ဖြင့် ပြင်ပတွင် နေထိုင်စေခြင်းများကို ဆောင် ရွက်သင့်ပါသည်။

(ဏ)   ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုး၊ သီပေါနှင့် လောက်ကိုင် အကျဉ်းထောင် ၃ ခု သာရှိ၍ သင့်လျော်သောနေရာတွင် အကျဉ်းထောင်များ ထပ်မံ တိုးချဲ့ဖွင့်လှစ်ရန် စဉ်းစားသင့်ပါသည်။

(တ)    UN Standard Minimum Rules နှင့်အညီ ဆောင်ရွက်နေမှုများအား အကျဉ်း ထောင်သို့ လာရောက်လေ့လာသော နိုင်ငံခြား အဖွဲ့အစည်းများအား ရှင်းလင်းပြသ နိုင်ရန်အတွက် Power Point ရှင်းပြချက်များကို အင်္ဂလိပ်ဘာသာ ပြန်ဆိုထားသင့် ပါသည်။

      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ   ၉ ရက်