မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် ( ၃၄ /ကာကွယ်/၂၀၁၇)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ သာယာဝတီ ဗဟို အကျဉ်းထောင်နှင့် ရဲစခန်းအချုပ်ခန်းတို့အား  ၃၀-၁၁-၂၀၁၇ ရက်နေ့နှင့် ၁-၁၂-၂၀၁၇ ရက်နေ့များတွင် ကြည့်ရှုစစ်ဆေးခဲ့ပြီး တွေ့ရှိချက်များ အပေါ် လိုအပ် ချက်များအား သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။

၂။      သာယာဝတီဗဟိုအကျဉ်းထောင်နှင့်ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    အတန်းပညာ သင်ကြားနေသော ကျောင်းသားလူငယ် ၄၀ ဦးတွေ့ရှိရပြီး စာသင်ကြား နေသည့် အဆောင်သည် ကြံ့ခိုင်မှု မရှိသည့်အပြင် နေရာကြပ်တည်းခြင်းကြောင့် ၂ ထပ်ဆောင်သစ် ဆောက်လုပ်ခွင့်ရရှိရေး စီစဉ်တင်ပြသင့်ပါသည်။

(ခ)     ယင်းကျောင်းသား လူငယ် အကျဉ်းသားများအား ကျောင်းဝတ်စုံ( အဖြူအစိမ်း) များ တစ်ဦးလျှင် ၂ စုံ နှုန်း ထုတ်ပေးနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ဂ)     အကျဉ်းသူတစ်ဦး၏ သမီးဖြစ်သူကို အသက် ၁ နှစ် ၃ လတွင် ရွှေဂုံတိုင် လူမှုဝန်ထမ်း ဦးစီးဌာနသို့ ပို့ဆောင်ခံရပြီး ယခုအခါ သမီးဖြစ်သူသည် တိုက်ကြီး လူမှုဝန်ထမ်း ဂေဟာ၌ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မိခင်နှင့် ကလေးတွေ့ဆုံခွင့်ရရှိရေး သက်ဆိုင်ရာ ဦးစီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)    အိပ်ဆောင်အချို့တွင် ဖယောင်းပုဆိုးများ စုတ်ပြဲနေကြောင်း တွေ့ရှိရသဖြင့် အသစ် လဲလှယ်ပေးသင့်ပါသည်။

(င)     အိပ်ဆောင်များရှိ ရေသန့်ဗူးအချို့သည် သန့်ရှင်းမှု မရှိကြောင်း တွေ့ရှိရသဖြင့် သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ အသစ်လဲလှယ်ခြင်းများ ပြုလုပ်ပေးသင့်ပါသည်။

(စ)     အိပ်ဆောင် (၂) နှင့် (၃) တွင် မိလ္လာများ သန့်ရှင်းရေး မကောင်းသဖြင့် သန့်ရှင်းရေး ဆောင်ရွက်သင့်ပါသည်။

(ဆ)    လူငယ်ဆောင်တွင် မီးချောင်းများ မရှိသဖြင့် တပ်ဆင်ပေးသင့်ပါသည်။

(ဇ)     တာဝန်ခံအရာရှိသည် အကျဉ်းသားများအပေါ်တွင် နွေးထွေးစွာ ဆက်ဆံပြီး စားဝတ် နေရေးကိစ္စများတွင် လိုအပ်ချက် မရှိစေရေး မိသားစုသဖွယ် ဆောင်ရွက်ပေးသည်ဟု  အကျဉ်းသားအများစုက ထွက်ဆိုကြသဖြင့် လက်ရှိအခြေအနေအား စံနမူနာပြ ထိန်းသိမ်းထားသင့်ပါသည်။

၃။      မြို့နယ်ရဲစခန်းနှင့် ခရိုင်ရဲစခန်း အချုပ်ခန်းများတွင် အိမ်သာများတွဲလျက် ရှိသော်လည်း အိမ်သာအခန်းများမှာ အသုံးပြုရန် သင့်လျော်မှုမရှိဘဲ အလွန်ညစ်ပတ်နေသဖြင့် အထူးပြုပြင် ထိန်းသိမ်းသင့်ပါကြောင်း အကြံပြုခဲ့ပါသည်။

                                                                   မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ  ၅  ရက်