မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် (၂၀/ကာကွယ်/၂၀၁၉)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ရှိ ပင်လယ်ပြင် ကျားဖောင် ငါးဖမ်းလုပ်ငန်းများတွင် လုပ်ကိုင် နေကြသော ရေလုပ်သားများသည် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိနေကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့ရှိရသဖြင့် ကော်မရှင်ဥပဒေပုဒ်မ ၂၈ နှင့်အညီ ကွင်းဆင်းစုံစမ်းစစ်ဆေးရန် အဆိုပါဒေသသို့ ၂-၁၂-၂၀၁၉ ရက်နေ့မှ ၆-၁၂-၂၀၁၉ ရက်နေ့အထိ သွားရောက်ခဲ့ပါသည်။

၂။       ကော်မရှင် ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဖျာပုံဒေသရှိ သက်ဆိုင်ရာဒေသ အာဏာ ပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကျားဖောင်လုပ်ငန်းရှင်များ၊ ကျားဖောင်ဦးစီး ချုပ်နှင့် ဖောင်ဦးစီးများ၊ ကျားဖောင်လုပ်သားများ စသည်ဖြင့် လုပ်ငန်းနှင့် ဆက်စပ်ပတ်သက်သည့် ပုဂ္ဂိုလ်များကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

၃။      တွေ့ဆုံမေးမြန်းချက်များအရ အောက်ပါအချက်များကို တွေ့ရှိရပါသည်-

(က)    တရားဝင် လုပ်ငန်းရှင်ဦးရေထက် လက်တွေ့တွင် တရားမဝင် လုပ်ငန်းရှင် ဦးရေမှာ ၆ ဆခန့် ပိုမို များပြားနေခြင်း၊

(ခ)     တရားဝင်မှတ်ပုံတင် ရေလုပ်သားမှာ ၄၀၀ ကျော်သာ ရှိသော်လည်း လက်တွေ့တွင် တရားမဝင် ရေလုပ်သားဦးရေမှာ အဆများစွာ လုပ်ကိုင်နေခြင်း၊

(ဂ)     တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များကို ကျားဖောင်လုပ်ငန်းရှင် များက လိုက်နာမှု အားနည်း သကဲ့သို့ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများကလည်း ကြပ်မတ်ထိန်းကျောင်း ဆောင်ရွက်မှု အားနည်းနေခြင်း၊

(ဃ)    ကျားဖောင်လုပ်ငန်း ကျယ်ပြန့် တိုးတက်လာမှုအပေါ် အခြေပြု၍ ရေလုပ်သား လိုအပ်ချက် များပြားလာသော်လည်း ဒေသတွင်း လုပ်သားရှားပါးခြင်းကြောင့် ပွဲစား များက လာရောက်ပို့ဆောင်သော အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းလုပ်သားများ ကို စနစ်တကျ စိစစ်မှုမရှိဘဲ ငှားရမ်းဆောင်ရွက်ကြခြင်းကြောင့် လူကုန်ကူးမှု အပါအဝင် အခြေခံလူ့အခွင့်အရေး ချိုးဖောက် ခံရသည့် အခြေအနေများ ပေါ်ပေါက် လာရခြင်း၊

(င)     လာရောက်လုပ်ကိုင်သော လုပ်သားအများစုမှာ ပညာအရည်အချင်း နည်းပါးခြင်း၊ ဆင်းရဲနွမ်းပါးပြီး မိသားစုအတွက် ငွေကြေးလိုအပ်ချက် ရှိနေသူများဖြစ်ခြင်း၊ လုပ်ငန်း ခွင်၏ ခက်ခဲကြမ်းတမ်းမှုကို မသိနားမလည်ဘဲ ပွဲစားများ စည်းရုံး သိမ်းသွင်းမှုအပေါ် ယုံကြည်ပြီး လုပ်သားငှားရမ်းစာချုပ်များ၊ ငွေပေးငွေယူ စာချုပ်များတွင် အလွယ်တကူ လက်မှတ် ရေးထိုး ကြခြင်း၊

(စ)     ကျားဖောင်လုပ်ငန်းသည် ကမ်းခြေမှ ရေမိုင် ၃၀ ကျော်တွင် လုပ်ကိုင်ရသည့်လုပ်ငန်း ဖြစ်ခြင်း၊ ပိုက်ထောင်ပိုက်ဆွဲ အလုပ်ကို နေ့စဉ်ပင်ပန်းကြီးစွာ လုပ်ကိုင်ရပြီး ပုဇွန် ပြုတ်ခြင်း၊ ငါးခြောက်လှန်းခြင်း လုပ်ငန်းများကိုလည်း အချိန်လု၍ လုပ်ကိုင် ရသော လုပ်ငန်းဖြစ်ခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ရေလုပ်သားများမှာ ခံနိုင်ရည် မရှိတော့ဘဲကျန်းမာရေး ချို့တဲ့လာ ကြခြင်း၊

(ဆ)    ထိုကဲ့သို့ ကျန်းမာရေး ချို့တဲ့သဖြင့် အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိသော အလုပ်သမား များကို ဆဲဆိုကြိမ်းမောင်းခြင်း၊ ရိုက်နှက်ညှဉ်းပန်း၍ ခိုင်းစေခြင်း စသည့် လူ့အခွင့် အရေး ချိုးဖောက်မှုများ တွေ့ရှိလာရသည့်အပြင် ရေလုပ်သား အချို့မှာ ပျောက်ဆုံး သေဆုံးသွားကြခြင်း စသည့် လူ့အခွင့်အရေး ထိခိုက်နစ်နာမှု များ ရှိနေခြင်း၊

၄။      အထက်ပါတွေ့ရှိချက်များအပေါ် အခြေခံ၍ ကျားဖောင်လုပ်ငန်းအပါအဝင် ငါး၊ ပုဇွန် ဖမ်းဆီး ခြင်းလုပ်ငန်းကို ထိန်းကွပ်မှု အားနည်းစွာဖြင့် ဆောင်ရွက်နေကြခြင်းကြောင့် လူ့အခွင့်အရေးချိုး ဖောက်မှုများနှင့် မြန်မာ့ပင်လယ်ပြင်၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းကို အရေးတကြီး လျင်မြန်စွာ တားဆီးကာကွယ်ဆောင်ရွက်နိုင်ရေး၊ ကျားဖောင် လုပ်ငန်း နှင့် စပ်လျဉ်း၍ လိုအပ်သည့် ဥပဒေလုပ်ထုံးလုပ်နည်းများ အမြန်ဆုံးပြဋ္ဌာန်း အကောင်အထည် ဖော်နိုင်ရေး၊ စစ်ဆေး သည့်ဂိတ်များကို တိုးချဲ့ဖွင့်လှစ်၍ တရားမဝင် ငါးဖမ်းရေယာဉ်၊ ကျားဖောင် နှင့် ရေလုပ်သားများကို စိစစ်ပြီး ကြပ်မတ်ထိန်း ကျောင်းနိုင်ရေး၊ သက်ဆိုင်သည့် ဌာနများတွင် ဝန်ထမ်းများ တိုးချဲ့ခန့်ထားရေး၊ ရေယာဉ်အပါအဝင် အထောက် အကူပြု ပစ္စည်းများ ဖြည့်ဆည်း ပေးနိုင်ရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများ တိုးချဲ့ထားရှိရေး၊ ရေလုပ်သားများအား လုပ်ငန်းမဝင်မီ လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ ကျန်းမာရေးဆေး စစ်ခြင်း၊ ကွင်းဆင်းလေ့ကျင့်ခြင်း၊ ရေလုပ် သား အသိအမှတ်ပြုကတ်ပြား ထုတ်ပေးခြင်း၊ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ကို အစိုးရဌာန အဖွဲ့အစည်းများ၏ ကြီးကြပ်မှုဖြင့် စနစ်တကျ ချုပ်ဆိုစေခြင်းနှင့် လုပ်ငန်းရာသီ ကုန်ဆုံး၍ ပြန်လာသော ရေလုပ်သားများ၏ ကျန်းမာရေး ဆေးစစ် ခြင်း အပါအဝင် ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ရေး၊ အဆိုပါ လုပ်ငန်းအား စနစ်တကျ ကြပ်မတ်ထိန်း​ကျောင်းနိုင်သည့် စနစ် (Control Mechanism) တစ်ရပ် ထူထောင်နိုင် ရေးစသည့် အကြံပြုချက်များကို သက်ဆိုင်ရာသို့ အကြံပြု တင်ပြထားပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်