မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် (၁၅/ကာကွယ်/၂၀၁၇)

၁။      Human Rights Watch ၏ The Farmer Becomes the Criminal ​ခေါင်းစဉ်ဖြင့် ရေးသား ထားသောစာတမ်းပါ မြေယာအငြင်းပွားမှုများမှာ မှန်ကန်မှု ရှိ မရှိ၊ ဒေသခံတိုင်းရင်းသား လယ် သမားများ၏ လယ်မြေများအား အမှန်တကယ် မတရားသိမ်းဆည်းခံရခြင်း ရှိ မရှိနှင့် လယ်သမား များအဖြစ်မှ တရားခံများအဖြစ်သို့ ရောက်ရှိခြင်း ရှိ မရှိတို့ကို လေ့လာပြီး လူ့အခွင့်အရေး ရှုထောင့်မှ နေ၍ လိုအပ်သည့် အကြံပြုချက်များပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ပါဝင်သည့် ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၇ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကော်မရှင်ရုံးဝန်ထမ်း ၃ ဦးနှင့်အတူ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်နှင့်မြဝတီမြို့နယ်များရှိ မြေယာအငြင်းပွားမှု ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

၂။      ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို နိုင်ငံတော် သမ္မတ ဦးစီးရုံးနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့သို့  လိုအပ်သလို ဆောင်ရွက်နိုင် ပါရန် ပေးပို့ခဲ့ပါသည်။

လှာကမြင်မြေယာအငြင်းပွားမှု

၃။      လှာကမြင်မြေယာအငြင်းပွားမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှအောက်ပါအကြံပြု တိုက်တွန်းချက်များအား ပေးပို့ခဲ့ ပါသည်-

(က)    ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်ဝန်ကြီးအဆင့် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဆင့် ပုဂ္ဂိုလ်များ ဦးဆောင်ပါဝင်ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့် အခြား သက်ဆိုင် သော ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဥပဒေပညာရှင်များ ပါဝင်သည့် လုပ်ငန်း ကော်မတီတစ်ရပ် ဖွဲ့စည်းသင့်ကြောင်း၊

(ခ)     ယင်းကော်မတီမှ မူလလယ်မြေပိုင်ရှင်များစာရင်း၊ မြေကွက်ရရှိပြီးသော လယ်ပိုင်ရှင် များ စာရင်း၊ ပြင်ပမှ မြေကွက်ဝယ်ယူထားသူများစာရင်း၊ ဆရာတော် ထံ လယ်မြေ လှူဒါန်းထားသူများစာရင်း စသည်တို့ကို တိုက်ဆိုင်စစ်ဆေး၍ –

  • မြေကွက် ဝယ်ယူထားပြီး ယခုအချိန်ထိ နေအိမ်ဆောက်လုပ်ခြင်းမပြုသေးဘဲ ပြန်လည်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် ဝယ်ယူထားသူများအား အချိန်ကာလ တစ်ခုသတ်မှတ်ပေး၍ နေအိမ်မဆောက်လုပ်ခြင်း၊ နေအိမ်ကို အဖြစ်သဘော ဆောက်လုပ်ပြီး နေထိုင်မှုမရှိခြင်းများ ဖြစ်နေပါက မြေကွက်၏မူလတန်ဖိုး (နေအိမ်တန်ဖိုးမပါ) ပြန်အမ်း၍ဖြစ်စေ၊ မအမ်းဘဲဖြစ်စေ မြေကွက်များ ပြန်လည်သိမ်းယူခြင်း၊
  • ပိုင်ဆိုင်လယ်ဧကအောက် နည်းသော မြေကွက်အရေအတွက်ရရှိခဲ့သူများ အားပြန်လည်ဖြည့်ပေးခြင်း၊
  • လယ်သိမ်းခံရသော်လည်း မြေကွက်လုံးဝမရသေးသူများအား သတ်မှတ် ထားသည့် အရေအတွက်ပြည့်မီအောင် မြေကွက်ပေးခြင်း၊
  • စိုက်ပျိုး၍မရသောလယ်မြေများကို အိမ်ယာကွက်များဖန်တီး၍ ကျေးလက် ဖွံ့ဖြိုး ရေး လုပ်ငန်းလုပ်ခဲ့သော ဆရာတော်၏ စေတနာကို အားလုံးနားလည်ပြီး ၂၀၀၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ ၁၄ နှစ်တိုင် ပြဿနာများ မဖြစ်ခဲ့ဘဲ နောက်ပိုင်းမှ ဖြစ်လာသည့်အတွက် ယင်းစီမံကိန်းမှာ လမ်းများ ဖောက်ပြီးခြင်း၊ မီးတိုင်များ စိုက်ထူပြီးခြင်း၊ မီးကြိုးများသွယ်ပြီးခြင်း၊ ရေမြောင်းများ ဖောက်လုပ်ပြီးခြင်း၊ တံတားများ ဆောက်လုပ်ပြီးခြင်း၊ စာသင်ကျောင်း ဆောက်လုပ်ပြီးခြင်း စသည် ဖြင့် ဆောင်ရွက်ပြီးလုပ်ငန်းများကို ရပ်တံ့၍ မဖြစ်တော့သဖြင့် အိမ်ရာကွက်များ ဖျက်သိမ်းပြီး လယ်ကွက်များ ပြန်လည်ဖော်ထုတ်ရန် လုံးဝမဖြစ်နိုင်တော့ခြင်း ကြောင့် လက်ရှိအခြေအနေကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ကျေနပ်မှုမရှိသည့် လယ်သမားများအား ရှင်လင်းပြခြင်း၊
  • မကျေနပ်သည့် လယ်သမားများဖက်မှ လိုက်လံကူညီလုပ်ကိုင်ပေးနေသည့် ၈၈ မျိုးဆက်အဖွဲ့နှင့် တောင်သူလယ်သမားသမဂ္ဂအဖွဲ့ တို့ကဲ့သို့သော အဖွဲ့များကို ဖိတ်ခေါ်၍ ပြဿနာဖြေရှင်းပြီးစီးကြောင်း တရားဝင်အသိပေးခြင်း စသည်ဖြင့် ပြဿနာအားလုံးကို ပြီးပြတ်အောင် ညှိနှိုင်းဖြေရှင်းပေးသင့်ကြောင်း၊

(ဂ)     ယင်းကဲ့သို့ ညှိနှိုင်း​ဖြေရှင်းပေးပြီးပါက ပါဝင်ပတ်သက်သူ (လယ်သမားများ၊ လှုံ့ဆော် သူများ) အားလုံးကို သဘောတူညီကြောင်း လက်မှတ်ရေးထိုးစေသင့်ကြောင်း၊

(ဃ)    ယင်းလယ်ယာမြေများကို မြို့မြေကွက်အဖြစ် ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် မြေယာဥပဒေနှင့်အညီ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ပြန်လည်တည့်မတ်ဆောင်ရွက်ပေးသင့်ကြောင်း၊

(င)     ယင်းကဲ့သို့ ဖြေရှင်းပေးပြီးနောက်ပိုင်း ထပ်မံ၍ ပြဿနာ ဖန်တီးလာသူများအား တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသင့်ကြောင်း၊

ကျောက္ကလပ်မြေယာအငြင်းပွားမှု

၄။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှကျောက္ကလပ် သာသနာမြေနှင့် ပတ်သက်၍ အောက်ပါအကြံပြုတိုက်တွန်းချက်များအား ပေးပို့ခဲ့ပါသည်-

(က)    ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်ဝန်ကြီးအဆင့် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဆင့် ပုဂ္ဂိုလ်များ ဦးဆောင်ပါဝင်ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့် အခြား သက်ဆိုင် သော ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဥပဒေပညာရှင်များ ပါဝင်သည့် လုပ်ငန်း ကော်မတီတစ်ရပ် ဖွဲ့စည်းသင့်ကြောင်း၊

(ခ)     ယင်းကော်မတီမှ မူလလယ်မြေပိုင်ရှင်များစာရင်း၊ လက်ရှိဖော်ထုတ်ပြီး မြေကွက်များ တွင် ယခင် နေထိုင်ခဲ့သော လူဟောင်းများမှ မြေကွက်ရရှိပြီးသော သူများစာရင်း၊ ပြင်ပမှ မြေကွက်ဝယ်ယူထားသူများစာရင်း၊ မြေကွက် လုံးဝမရရှိခဲ့သော လူဟောင်း များစာရင်းတို့ကို ပြုစုပြီး ၎င်းတို့အား သင့်လျော်သည့် နေရာတွင် အစားထိုးမြေ နေရာ ရရှိရေး စီစဉ်ပေးသင့်ကြောင်း၊

(ဂ)     ယခုအခါ ကျောက္ကလပ်လယ်မြေများသည် ဆံတော်ရှင် ကျောက္ကလပ်စေတီတော်၏ ဘာသာရေး အဆောက်အဦများကို ကျယ်ကျယ်ပြန့်ပြန့် ဆောက်လုပ်ထားပြီးဖြစ်ရာ ခရစ်ယာန် ဘာသာဝင်များအနေဖြင့် ဘာသာရေး အဆောက်အဦများ ဆောက်လုပ် ရန် အခြားသင့်တော်သည့် မြေနေရာရှာဖွေ၍ လျှောက်ထားစေပြီး တရားဝင် ခွင့်ပြု ပေးသင့်ကြောင်း၊

တောင်သူကုန်း မြေယာအငြင်းပွားမှု

၅။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တောင်သူကုန်း မြေယာအငြင်းပွားမှု နှင့် ပတ်သက်၍ အောက်ပါအကြံပြုတိုက်တွန်းချက်များအား ပေးပို့ခဲ့ပါသည်-

(က)    အဆိုပါအငြင်းပွားနေသော မြေနေရာများတွင် လယ်ယာလုပ်ကိုင်နေသူများသည် ၎င်းတို့တွင် တရားဝင်ပြေစာများ မရှိသော်လည်း ယခင် ဘိုးဘွားအစဉ်အဆက်က လယ်ယာမြေ အမှန်တကယ် လုပ်ကိုင်ခဲ့သူများဖြစ်ပါက ၎င်းတို့၏ လယ်ယာလုပ်ကိုင် အသက်မွေးမြူမှု အခွင့်အရေးကို မထိခိုက်စေရေးအတွက် ပြည်နယ်အစိုးရ အနေဖြင့် လိုအပ်သော ကုစားမှုများ ပြုလုပ်ပေးသင့်ကြောင်း၊

(ခ)     မြဌေးကြွယ်လင်း ကုမ္ပဏီအနေဖြင့် မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ဖြစ်ပါက မူလ ဘိုးဘွားစဉ်ဆက် လယ်ယာ စိုက်ပျိုး လုပ်ကိုင်ခဲ့သူ လယ်သမားများ၏ အခွင့်အရေးများကို လေးစားလျက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးသင့်ကြောင်း၊

(ဂ)     ခြံကလေးကျေးရွာမှ လယ်သမား ၄ ဦး ပိုင်ဆိုင်သော လယ်မြေ ၄၀ ဧကကို စစ်မှု ထမ်းဟောင်းအဖွဲ့မှ သိမ်းပိုက်သွားပြီး ငါးကန်များ တူးထားသည့်ကိစ္စနှင့် ပတ်သက် ၍ မှန်ကန်မှု ရှိမရှိ စိစစ်ပြီး လယ်သမားများ နစ်နာမှု မရှိစေရေးအတွက် ပြည်နယ် အစိုးရအနေဖြင့် ကုစားပေးသင့်ကြောင်း၊

၆။      ကော်မရှင်၏ ကွင်းဆင်းလေ့လာတွေ့ရှိချက်များအရ အချို့မြေယာအငြင်းပွားမှုများသည် နှစ်ဦးနှစ်ဖက် တွေ့ဆုံ၍ ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးပါက အောင်မြင်နိုင် ကြောင်း၊ သို့ဖြစ်၍ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သမာသမတ်ကျပြီး ဖြေရှင်းဆုံးဖြတ်ပေး နိုင်မည့် ပုဂ္ဂိုလ်များပါဝင်သော အဖွဲ့အစည်းများ သို့မဟုတ် ကော်မတီများ ဖွဲ့စည်း၍ ဥပဒေနှင့်အညီ စနစ်တကျ လေ့လာသုံးသပ်၍ ဆောလျင်စွာ ဖြေရှင်းပေးသင့်ကြောင်း အကြံပြုခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ  ၅ ရက်