မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ်စဉ် ( ၇/၂၀၁၈)

၁။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကြည့်ရှုလေ့လာရေးအဖွဲ့သည် ကချင်ပြည်နယ် ရှိ အောက်ပါ တိုက်ပွဲရှောင်စခန်းများအားသွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်-

(က)    ၂၁-၆-၂၀၁၈ ရက်နေ့တွင်မိုးကောင်းမြို့နယ်၊ လမ်းခွရွာရှိနှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း(ကေဘီစီ)၊ ရိုမန်ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း(အာစီ)၊ ဧဝံဂေလိခရစ်ယာန်ဘုရားကျောင်း (အေဂျီ)နှင့် မိုးကောင်းမြို့ဦးရှိတိုက်ပွဲရှောင် စခန်းများ၊ ကာမိုင်းမြို့နယ်ရှိလဝါးနှင့် လိုင်နောင်းရိုမန်ကက်သလစ်ခရစ်ယာန် ဘုရားကျောင်း (အာစီ)တိုက်ပွဲရှောင်စခန်းများ၊

(ခ)     ၂၂-၆-၂၀၁၈ ရက်နေ့တွင်မြစ်ကြီးနားမြို့နယ်ရှိဂျော်မဆပ်၊ တန်ဖရဲနှင့် တြီနီတီ တိုက်ပွဲရှောင်စခန်းများ၊ ဝိုင်းမော်မြို့နယ်ရှိဝိုင်းမော်ဇုန် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းရှိတိုက်ပွဲရှောင်စခန်း။

၂။      တိုက်ပွဲရှောင်ကျေးရွာသူကျေးရွာသားများသည် ၎င်းတို့ကျေးရွာအနီးသို့ လက်နက်ကြီးဗုံးများ ကျရောက်ပေါက်ကွဲသဖြင့် ၎င်းတို့အားထိမှန်မည်ကို စိုးရိမ်ကြောက်ရွံ့ခြင်း နှင့်အချို့မှာ ၎င်းတို့၏ကျေးရွာအနီးဝန်းကျင်တွင် နှစ်ဘက်လက်နက်ကိုင် အဖွဲ့အစည်းများထ ိတွေ့ပစ်ခတ်မှုများဖြစ်ပွားမည်ကိုစိုးရိမ်ကြောက်ရွံ့ခြင်းတို့ကြောင့်တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်းသိရှိရပါသည်။

၃။      တိုက်ပွဲရှောင်ကျေးရွာသူကျေးရွာသားများသည် ထွက်ပြေးလာသည့်လမ်းတလျှောက်တွင် ရိက္ခာနှင့် သောက်သုံးရေခက်ခဲခြင်း၊ ဖျားနာခြင်းနှင့် ဝမ်းလျှောခြင်းများအတွက်ဆေးဝါးမရှိခြင်း၊ အမိုးအကာပစ္စည်းလုံလောက်စွာမပါရှိခြင်း၊သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအာဟာရပြတ်၍ လမ်းမလျှောက်နိုင်တော့သဖြင့် ထမ်းပိုးသယ်ဆောင်ကြရခြင်း၊ ကိုယ်ဝန်ဆောင်မိခင်အချို့ တောတွင်း၌ မီးဖွားရခြင်း၊ အချို့မွေးကင်းစကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာရာသီဥတုဆိုးရွားမှုကြောင့် သေဆုံးခဲ့ရခြင်းများကြုံတွေ့ခဲ့ကြရသည်ဟုသိရှိရပါသည်။

၄။      ထို့ပြင်၎င်းတို့သည် တောတွင်း၌ပုန်းအောင်းနေစဉ်ရိက္ခာပြတ်လပ်သဖြင့်မူလကျေးရွာများသို့ပြန်၍ ရိက္ခာသွားယူကြသည့် ရွာသားများသည် ၎င်းတို့၏နေအိမ်များပျက်စီးခြင်း၊အိမ်ထောင်ပရိဘောဂများနှင့် မိသားစုအသုံးအဆောင်ပစ္စည်းများပျောက်ဆုံးပျက်စီးခြင်း၊ အိမ်မွေးတိရိစ္ဆာန်များပျောက်ဆုံးခြင်းများကိုတွေ့မြင်ခဲ့ကြရသည်ဟုရွာသားများကပြောကြားကြပါသည်။

၅။      ကော်မရှင်ကြည့်ရှုလေ့လာရေးအဖွဲ့ကသွားရောက်လေ့လာခဲ့သောတိုက်ပွဲရှောင်စခန်းအများစုတွင် အောက်ပါ အခက်အခဲများကြုံတွေ့နေရကြောင်းသိရှိခဲ့ရပါသည်-

(က)    ဆောက်လုပ်လှူဒါန်းထားသည့်ယာယီတဲများမှာလူဦးရေနှင့် မမျှတသည့်ပြင် မိသားစုတစ်စုနှင့်တစ်စုအကြားအကာအရံလုံးဝမရှိသဖြင့်ရေရှည်တွင်မလိုလားအပ်သောလူမှုရေးပြဿနာများ၊ ကူးစက်ရောဂါများဖြစ်ပေါ်နိုင်ခြင်း၊

(ခ)     သန့်ရှင်းသောသောက်ရေသန့်မရရှိခြင်းနှင့် ချိုးရေမသန့်ရှင်းခြင်း၊

(ဂ)     မိသားစုလိုက် ချက်ပြုတ်စားသောက်ခွင့်ရရှိသောစခန်းများတွင် မီးဖိုနှင့် အိပ်ဆောင်များအလွန်နီးကပ်နေသဖြင့် မီးဘေးအန္တရာယ် စိုးရိမ်ရခြင်း၊

(ဃ)    ဆောက်လုပ်ထားသည့် အိမ်သာနှင့် လူဦးရေလုံလောက်မျှတမှုမရှိခြင်း၊

(င)     တိုက်ပွဲရှောင်စခန်းအချို့၌ မိုးရာသီကာလမိုးသည်းထန်ချိန်၌ အိပ်ဆောင် ကြမ်းပြင် များရေမြုပ်ခြင်း၊

(စ)     တာဝန်ရှိသူများနှင့် စေတနာရှင်များကဆန်နှင့် ပဲကိုသာအဓိကထား၍ လှူဒါန်းကြသဖြင့် ကျန်ဟင်းလျာများအတွက် ရန်ပုံငွေလိုအပ်ခြင်း၊

(ဆ)    သားသမီးများကျောင်းထားရန် တာဝန်ရှိသူများကစီစဉ်ပေးထားသော်လည်းတိုက်ပွဲရှောင်ကျေးရွာသားများတွင် ငွေကြေးမရှိသဖြင့်အခြားလိုအပ်ချက်များမဖြည့်ဆည်းနိုင်ခြင်း၊

(ဇ)     အချို့ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းစသည့် အတန်းကြီးကျောင်းသားများအားမြို့ပေါ်ရှိဘော်ဒါဆောင်သို့ပို့၍ ဘော်ဒါခနှင့် ကျူရှင်ဖိုးများကိုယခင်ကတောင်ယာစပါးနှင့် သီးနှံများရောင်းချခြင်း၊ ကျွဲ၊ နွားများရောင်းချခြင်းတို့မှ ရရှိသောငွေဖြင့် ဖြေရှင်းခဲ့ကြသော်လည်းယခုကဲ့သို့တိုက်ပွဲရှောင်စခန်းရောက်ရှိနေချိန်တွင် ဝင်ငွေလုံးဝမရှိတော့သဖြင့် သားသမီးများ၏ပညာရေးအခက်အခဲများကြုံတွေ့နေကြရခြင်း၊

(ဈ)     ကျေးရွာတွင် လက်ရှိမိုးရာသီစားသုံးရန်စုဆောင်းထားသည့်အရန်ဆန်နှင့် စပါးများပျက်စီးဆုံးရှုံးသွားသည့်အပြင်လာမည့်နှစ်အတွက် စပါးစိုက်ပျိုးမည့်ရာသီမှာလည်းကျော်လွန်သွားပြီဖြစ်သဖြင့် ၂ နှစ်စာစားဝတ်နေရေးအခက်အခဲကြုံတွေ့နေခြင်း။

၆။      ကော်မရှင်ကြည့်ရှုလေ့လာရေးအဖွဲ့သည်တနိုင်းမြို့သို့ အချိန်ကန့်သတ်ချက်အရ သွားရောက်နိုင်ခြင်းမရှိသဖြင့် တနိုင်းမြို့မှ တိုက်ပွဲရှောင်စခန်း တာဝန်ရှိသူအချို့က မြစ်ကြီးနားမြို့သို့လာရောက်၍ကော်မရှင်အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး၊တနိုင်းမြို့တွင် ကေဘီစီ၊ အာစီ၊ အေဂျီနှင့် ခရစ်ယာန်ဘုရားကျောင်း (စီအိုစီ) ဟူ၍စခန်း ၄ ခုရှိပြီးလူဦးရေ ၁၃၁၇ ဦးပါဝင်သည့် အိမ်ထောင်စုပေါင်း၃၃၃ စုရှိကြောင်း၊ ၎င်းစခန်းများအားတိုက်ပွဲရှောင်စခန်းအဖြစ် အသိအမှတ်ပြုခြင်း မခံရသဖြင့်နိုင်ငံတော်မှပေးသည့် အထောက်အပံ့များမရရှိသည့် အပြင် စေတနာရှင် အလှူရှင်များထံမှလှူဒါန်းမှုနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ မရရှိကြောင်း၊ ထို့ပြင် မြစ်ကြီးနားဒေသရှိတိုက်ပွဲရှောင်စခန်းများ ကဲ့သို့ပင်၎င်းတို့၏စခန်းများ၌ နေရာကြပ်တည်းမှုနှင့်စားရေရိက္ခာ အခက်အခဲ၊ သားသမီး ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရကြောင်းစသည်ဖြင့် ၎င်းတို့၏အခက်အခဲများကိုတင်ပြကြပါသည်။

၇။ အထက်ပါတွေ့ရှိချက်များအရတိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူများ၏လတ်တလောကြုံတွေ့နေရသောအခက်အခဲများကိုဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှထိုက်သင့်သည့် ထောက်ပံ့ကူညီမှုများထိရောက်စွာဖြည့်ဆည်းပေးသင့်သည့် အပြင်ပြည်တွင်းပြည် ပစေတနာရှင်များထံမှလူသားချင်းစာနာမှုဆိုင်ရာထောက်ပံ့ကူညီမှုများ ၎င်းတို့ထံရောက်ရှိရေးအတွက် လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးသင့်သည်ဟုယူဆပါသည်။

၈။      ယခုအခါတိုက်ပွဲများရပ်တန့်သွားပြီဖြစ်သော်လည်းတိုက်ပွဲရှောင်ပြည်သူများအနေဖြင့် ၎င်းတို့ကျေးရွာများသို့မပြန် ရဲကြကြောင်းတွေ့ရှိရသဖြင့်သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရမှ တာဝန်ရှိသူများနှင့်ယင်း ဒေသလုံခြုံရေးအတွက် တာဝန်ယူထားသည့် တပ်မတော်မှ တာဝန်ရှိသူများသည် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်အတူ အဆိုပါကျေးရွာများသို့သွားရောက်၍ ကျေးရွာသူ ကျေးရွာသားများ၏ လုံခြုံမှု၊ စိတ်ချယုံကြည်မှု ရရှိစေရေး၊တောင်ယာစိုက်ပျိုးရေးနှင့် ဒေသတွင်းလွတ်လပ်စွာသွားလာနေထိုင်နိုင်ရေးတို့ကိုစီစဉ်ဆောင်ရွက်ပေးသင့်ပါသည်။

၉။      ယခုကဲ့သို့ တိုက်ပွဲဖြစ်ရာဒေသမှ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် များ၊ မသန်စွမ်းသူများအပါအဝင် ကျေးလက်ပြည်သူများသည် အထက်ဖော်ပြပါ အခက်အခဲပေါင်းများစွာကိုရင်ဆိုင်နေကြရခြင်းကြောင့် နိုင်ငံတော်က လက်ရှိ အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသောပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆောလျင်စွာ ဖော်ဆောင်သင့် ပါကြောင်းမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အနေဖြင့် အကြံပြုအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ရက်