မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရခိုင်ပြည်နယ်၌ ၂ဝ၁၂ခုနှစ် ဇွန်လအတွင်း ဖြစ်စဉ်များနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက် (၄/၂ဝ၁၂)

          မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင် (၂)ဦးတို့ ဇွန်လ (၂၇)ရက်နေ့မှ ဇူလိုင်လ (၁)ရက်နေ့အထိ ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များသို့သွားရောက်ပြီး တာဝန်ရှိသူများ၊ ဘာသာရေးခေါင်း ဆောင်များ၊ ဒုက္ခသည်များနှင့် တွေ့ဆုံဆွေးနွေး၍ လေ့လာသုံးသပ်ခဲ့ကြပါသည်။
ရခိုင်ပြည်နယ်အတွင်း မတ်လ(၂၈)ရက် နှင့် ဇွန်လ(၃)ရက်ဖြစ်စဉ်များသည် မမျှော်လင့် သော မထင်မှတ်သောဖြစ်စဉ်၊ ဖြစ်ရပ်များ ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရပါသည်။ ဇွန်လ(၈)ရက်နေ့ တွင်မောင်တောမြို့ပေါ်နှင့် ကျေးရွာအချို့တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများမှစတင်၍ စစ်တွေ မြို့နှင့် အခြားမြို့နယ်များတွင် လူမျိုးစု(၂)ခုကြား အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည်မှာ ကြားသိရ သောပြည်သူအပေါင်း စိတ်ထိခိုက်ခဲ့ကြရပါသည်။ ပြည်သူလူထု၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် အသိုက်အဝန်းမှ စိုးရိမ်ပူပန်သည့်နည်းတူ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေ ဖြင့်လည်း အဆိုပါလူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စိုးရိမ်ပူပန်မှု ဖြစ်ပေါ်ခဲ့ရပါသည်။ နှစ်ဘက်ထိခိုက် ဆုံးရှုံးမှုများမှာလည်း ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ လွန်စွာကြီးမား ကြောင်း တွေ့မြင်သိရှိခဲ့ရပါသည်။
နိုင်ငံတော်အစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် (၂)ဘက်သောဒုက္ခသည်များ ကယ်ဆယ်စောင့်ရှောက်ရေးစခန်းများကို မောင်တောမြို့ပေါ်နှင့် မြို့နယ်အတွင်း(၁၁)ခု၊ စစ်တွေ မြို့ပေါ်နှင့် မြို့နယ်တွင်(၅၇)ခု၊ ရသေ့တောင်မြို့ပေါ်တွင်(၄)ခု၊ စုစုပေါင်း(၇၂)ခု၊ ထားရှိဆောင်ရွက် ပေးလျက်ရှိပါသည်။ အဆိုပါစခန်း(၇၂)ခုအနက် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း(၅၆) ကျောင်း၌ စခန်းဖွင့်လှစ်ထားကြောင်း သိရှိရပါသည်။ ဘူးသီးတောင်မြို့နှင့် ပုဏ္ဏားကျွန်းမြို့များရှိ ကယ်ဆယ်ရေးစခန်းမှ ရခိုင်တိုင်းရင်းသားအားလုံးသက်ဆိုင်ရာနယ်မြေနှင့် ကျေးရွာသို့လုံခြုံစိတ်ချစွာ ပြန်လည် ပို့ဆောင် ပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။
အထက်ပါ ကယ်ဆယ်စောင့်ရှောက်ရေးစခန်းများရှိ ဒုက္ခသည်များအား နိုင်ငံတော်အစိုး ရ၊ ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော  အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အနုပညာရှင် များ၊ စေတနာရှင် ပြည်သူများ၏ ကူညီထောက်ပံ့မှုများ လှူဒါန်းမှုများဖြင့် စားရေး၊ ဝတ်ရေး၊ နေရေး၊ ကျန်းမာရေးခြေခံလိုအပ်ချက်များကို ရနိုင်သမျှ ရရှိသမျှငွေကြေး၊ ရိက္ခာ၊ ပစ္စည်းများပေါ်မူတည်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးနေသည်များကို တွေ့ရှိရပါသည်။ နယ်မြေနှင့်စခန်းများ၏ လုံခြုံရေးအား တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် နယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ် (နစက)တို့မှဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရှိရပါသည်။ ကော်မရှင်အဖွဲ့ရောက်ရှိခဲ့သော မြို့နယ် များတွင် တည်ငြိမ်မှု၊ လုံခြုံမှုတိုးတက်ရရှိနေသည့် အခြေအနေကို တွေ့မြင်ခဲ့ရပါသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေများ ပုံမှန်ပြန်ဖြစ်ရေး ရေရှည်လုပ်ငန်းစဉ်များတွင် အောက်ပါအစီစဉ်များအား သုံးသပ်အကြံပြုတိုက်တွန်းပါသည်-
–    တရားဥပဒေစိုးမိုးရေးအား အမြန်ဆုံးတည်ဆောက်သင့်ပြီး ဖြစ်ပွားခဲ့သော             အကြမ်းဖက်ကျူးလွန်မှုများအပေါ် ဥပဒေနှင့်အညီ မှန်ကန်ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်ပါသည်။
–    အကြမ်းဖက်ခံရသော လူမျိုးစု(၂)စု၏ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ခြင်းနှင့်            အတူ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနှင့် အပြန်အလှန်ယုံကြည်မှု တည် ဆောက်ရေးကိုလည်း ဆောင်ရွက်သင့်ပါသည်။
–    အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေး၊ အသိပညာဗဟုသုတြွကယ်ဝရေး             တို့အတွက် ၎င်းနယ်မြေရှိ ကလေးသူငယ်များ၏ အခြေခံပညာတတ် မြောက်မှုနှုန်း မြင့်မားရေး အထူးအစီအစဉ်တစ်ရပ် အမြန်ဆောင်ရွက်ပေးသင့်ပါသည်။
–    အခင်းဖြစ်ပွားသောနယ်မြေရှိ ဒုက္ခသည်များအတွက် အခြေခံလိုအပ်ချက်များကို အဖွဲ့အစည်းအသီးသီးနှင့်စေတနာရှင်ပြည်သူများမှ ကူညီ ထောက်ပံ့မှုများ             ဖြင့် ဖြေရှင်းဆောင်ရွက် ပေးနေသည်ကိုလည်း ဝမ်းမြောက်ဖွယ်ရာတွေ့ရှိရပါသည်။ အခြေခံလိုအပ်ချက်များရှိနေဆဲဖြစ်သဖြင့် ယခုထက် တိုးမြင့် ကူညီပေးနိုင် ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ။ ၂ဝ၁၂ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်