မြင်းခြံအကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြ သူများအပေါ် ပြုမူဆက်ဆံပုံနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၁။      မြင်းခြံ အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည့် ကိုစိုးလှိုင်၊ တတိယနှစ် (စက်မှု)၊ နည်းပညာတက္ကသိုလ်(မုံရွာ)နှင့် ကိုစည်သူမြတ်၊ ဒုတိယနှစ်(သင်္ချာ)၊ မြင်းခြံဒီဂရီကောလိပ် တို့သည် ၆-၁၁-၂၀၁၅ ရက်နေ့ နံနက်တွင် စတင် အစာငတ်ခံဆန္ဒပြခဲ့ကြောင်း၊ ၎င်းတို့ နေ ထိုင်ရာအိပ်ဆောင်မှ တိုက်ခန်းသို့ ဦးခေါင်းကို စောင်ဖြင့်အုပ်၍ ခေါ်ဆောင်ခဲ့ကြောင်း၊ လမ်း ကြောင်းတွင် ညို့သကျည်းကို အုတ်ခဲဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ တိုက်ခန်းအတွင်းသို့ တရွတ် တိုက်ဆွဲ၍ ထည့်သွင်းခဲ့ကြောင်း၊ ပထမ ၂ ရက်တွင် သောက်​ရေပေးသော်လည်း နောက်ရက် များတွင် သောက်ရေမပေးသဖြင့် ၉-၁၁-၂၀၁၅ ရက်နေ့တွင် အစာငတ်ခံ ဆန္ဒပြမှုကို ရုတ် သိမ်းခဲ့ကြောင်း ၁၃-၁၁-၂၀၁၅ ရက်နေ့ ထုတ်ဝေသော သတင်းဂျာနယ်များတွင် ဖော်ပြချက် များအရ သိရှိရ ပါသည်။ ထို့ပြင်ကိုစိုးလှိုင်နှင့် ကိုစည်သူမြတ်တို့၏ ၂၇-၁၁-၂၀၁၅ ရက်နေ့စွဲ ပါတိုင်ကြားစာများကိုလည်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၌ ၃-၁၂-၂၀၁၅ ရက်နေ့တွင် လက်ခံရရှိခဲ့ပါသည်။

၂။        မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော် နှင့် ရုံးအဖွဲ့လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဇေယျာစိုးတို့သည် ၁၇-၁၂-၂၀၁၅ ရက် နေ့နှင့် ၁၈-၁၂-၂၀၁၅ ရက်နေ့တို့တွင် မြင်းခြံ အကျဉ်းထောင် သို့ သွားရောက်၍ စစ်ဆေးခဲ့ပါ သည်။

၃။      ကော်မရှင်၏စုံစမ်းစစ်ဆေးတွေ့ရှိချက်များအရ ကိုစိုးလှိုင်နှင့် ကိုစည်သူမြတ်တို့၏ဦး ခေါင်းကို စောင်ဖြင့်အုပ်၍ နေရာ ပြောင်းရွှေ့ခဲ့သည်ဆိုခြင်းမှာ မှန်ကန်ကြောင်း တွေ့ရှိရပါ သည်။

၄။      ညို့သကျည်းအား ရိုက်နှက်သည်ဆိုခြင်းနှင့်ပတ်သက်၍ ၎င်းတို့သည် ရက်အတန်ကြာမှ တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သဖြင့် အချိန်ကြံ့ကြာမှုရှိခဲ့ပြီး သက်သေအထောက်အ ထား မတွေ့ရှိခဲ့ရပါ။

၅။      ပထမနှစ်ရက်တွင် သောက်ရေရရှိသော်လည်း နောက်ရက်များတွင် သောက်ရေမရရှိ​ကြောင်း တိုင်တန်းချက်နှင့်စပ်လျဉ်း၍ အကျဉ်းထောင်ရှိ တာဝန်ကျဝန်ထမ်းများအား စစ်ဆေးရာတွင် နေ့စဉ် အစားအစာနှင့် သောက်ရေကို သတ်မှတ်အချိန်များတွင် ပေးပို့ကြောင်း ထွက်ဆိုကြသော်လည်း တိုင်ကြားသူနှစ်ဦး၏ကျန်းမာရေးအခြေအနေပြ နေ့စဉ်အစီရင်ခံစာများတွင် ပြည့်စုံစွာ မှတ်တမ်းတင်ထားမှုမရှိခြင်းကြောင့် အတည်ပြုရန် ခက်ခဲကြောင်း တွေ့ရှိရပါသည်။

၆။      အကျဉ်းထောင်များအတွင်း အစာငတ်ခံဆန္ဒပြမှုများနှင့်ပတ်သက်၍ လိုက်နာဆောင် ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အကျဉ်းဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက် များနှင့်အညီ အစာငတ်ခံဆန္ဒပြသူ၏ကျန်းမာရေးကို အကျဉ်း​ထောင်ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ သက်ဆိုင်ရာခရိုင်/မြို့နယ်ဆရာဝန် (သို့မဟုတ်) ယင်းတို့မှ သီးခြားတာဝန် ပေးအပ်ထားသောဆရာဝန်ဖြင့်သာ နေ့စဉ်ပုံမှန် စစ်ဆေးခြင်း၊ အချက်အလက်ပြည့်စုံစွာ မှတ်တမ်းရေးသွင်းခြင်း၊ တာဝန်ရှိသူများမှ လိုအပ်ချက်များကို ထောက်ပြညွှန်ကြားခြင်းများ ပြုလုပ်သင့်ပါသည်။

၇။      အကျဉ်းသားများကို ထောင်တွင်း/ထောင်ပြင် ပြောင်းရွှေ့ရာ၌ လူ့ဂုဏ်သိက္ခာ ညိုးနွမ်းစေသော၊ ထိတ်လန့် စိုးရိမ်ဖွယ်ရာ ဖြစ်စေသော ပြုမူဆောင်ရွက်ခြင်းများကို ရှောင်ကြဉ်သင့် ပါသည်။

၈။      အစာငတ်ခံဆန္ဒပြသူများ၏ကျန်းမာရေးအခြေအနေကို အကျဉ်းထောင်မှ တာဝန်ရှိသူများအပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်ဦးစီးမှူးရုံးများ၊ ဆေးမှူးချုပ်ရုံးနှင့် အကျဉ်းဦးစီးဌာနတို့ကလည်း ကြီးကြပ်ကွပ်ကဲမှုများ ပြုလုပ်သင့်ပါသည်။

                                                             မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်။