မောင်မိုးဝင်း (ခ) ပြည့်ဖြိုးအောင်အပေါ် လမ်းအလုပ်သမားခေါင်းဆောင် ဦးအောင်ကိုမင်းမှ လူ့အခွင့်အရေးချိုးဖောက်ကြောင်း တိုင်တန်းချက်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှု သတင်းထုတ်ပြန်ချက်အမှတ်စဉ် ( ၁/၂၀၁၇)

၁။        မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးအုပ်စု၊ ဖျောက်ဆိပ်ပင်ကျေးရွာနေ ဒေါ်သန်းဌေး၏သားဖြစ်သူ မောင်မိုးဝင်း (ခ) ပြည့်ဖြိုးအောင်ကို မိုင်းရှူးမြို့နေ အလုပ်သမားခေါင်းဆောင် ဦးအောင်ကိုမင်းဆိုသူမှ လုပ်အားခမပေးလိုသောကြောင့် ရိုက်နှက်ခဲ့ရာ ပြင်းထန်သည့်ဒဏ်ရာများရရှိခဲ့သဖြင့် မိုင်းရှူးရဲစခန်းတွင် မိခင်ဒေါ်သန်းဌေးက အမှုဖွင့်တိုင်ကြားခဲ့သော်လည်း အရေးယူခဲ့ခြင်း မရှိသောကြောင့် ကူညီဆောင်ရွက်ပေးပါရန် နိုင်ငံတော် သမ္မတထံသို့ လိပ်မူ၍ တိုင်တန်းစာတစ်စောင် ပေးပို့ခဲ့ပါသည်။ ယင်းစာအား နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌမှ ပြည်သူ့လွှတ်တော်သို့ လွှဲပြောင်း ပေးပို့ခဲ့ပါသည်။ ပြည်သူ့လွှတ်တော်ရုံးမှ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ ဆက်လက် ဆောင်ရွက်နိုင်ရေး တိုင်တန်းစာပူးတွဲလျက် ပေးပို့ပြီး တာဝန်ပေးအပ်လာပါသည်။

၂။        အဆိုပါဖြစ်စဉ်နှင့်် ပတ်သက်၍ အဖြစ်မှန်အားသိရှိနိုင်ရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဖွဲ့စည်းတာဝန်ပေးခဲ့သော ကွင်းဆင်း စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၂၅-၁၂-၂၀၁၆ ရက်နေ့မှ ၃၀-၁၂-၂၀၁၆ ရက်နေ့ထိ ညောင်ဦးနှင့် မိုင်းရှူးမြို့များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း၊ သက်သေ ၂၅ ဦးအား စစ်ဆေးမေးမြန်းခြင်းများပြုလုပ်ခဲ့ပါသည်။ စစ်ဆေးတွေ့ရှိချက်များမှာ –

(က)     မောင်မိုးဝင်းဆိုင်ကယ်စီးနင်းနေစဉ် ဦးအောင်ကိုမင်းက နောက်ဘက်မှလိုက်၍ ဦးခေါင်းကို ရိုက်နှက်ခြင်း၊ နောက်ကျောကို ကျောက်ခဲဖြင့် ထုခြင်းများပြုလုပ်သည်ဟု မောင်မိုးဝင်း တစ်ဦးတည်းက ထွက်ဆိုခဲ့သော်လည်း အခြားခိုင်လုံသော အထောက်အထားများ မတွေ့ရှိ ရပါ။

(ခ)       မောင်မိုးဝင်းဆေးရုံတက်နေစဉ် ဦးအောင်ကိုမင်းက လာရောက်ထိုးကြိတ်သည်ဟု ဆေးရုံ အုပ်ကြီးက ပြောဆိုသည်ဟု၎င်းကထွက်ဆိုပါသည်။ ထို့ပြင် လူနာစောင့် ဒေါ်နိုင်ကလည်း မောင်မိုးဝင်းအား ဦးအောင်ကိုမင်းက လက်သီးဖြင့် (၃) ကြိမ်လာထိုးသည်ဟု ထွက်ဆို ပါသည်။ သို့ရာတွင် အခြားမျက်မြင်သက်သေများမရှိသည့်အပြင် ဆေးရုံအုပ်ကြီး ဒေါက်တာ မြသန်းကိုယ်တိုင် မြင်တွေ့ ကြားသိမှုမရှိဘဲ တိုင်ကြားမှုလည်းမရှိပါဟု ထွက်ဆိုပါသည်။

(ဂ)       ဦးအောင်ကိုမင်းထံတွင် ခိုလမ်မြို့၌ အလုပ်လုပ်နေစဉ်မောင်မိုးဝင်း၏ ညာဘက်ခြေချောင်း များသည် ကျောက်ခွဲစက်အတွင်းညှပ်သွားပြီး ခြေချောင်း (၅) ချောင်းစလုံး ဖြတ်ပစ်ခဲ့ရ သော်လည်း ၎င်းအတွက် ထိခိုက်နစ်နာမှုလျော်ကြေး မရရှိသေးကြောင်း မောင်မိုးဝင်းက ထွက်ဆိုသည့်အပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့မှလည်း ခြေချောင်းလေးများ ပြတ်တောက် နေသည်ကို မျက်မြင်တွေ့ရှိခဲ့ရပါသည်။ ထို့အပြင် ဦးအောင်ကိုမင်း ကိုယ်တိုင်ကလည်း ၎င်း၏လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်သဖြင့် ခိုလမ်ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း ထွက်ဆိုထားပါသည်။ သို့ရာတွင် လျော်ကြေးပေးခဲ့သည့် အထောက်အထား တင်ပြနိုင် ခြင်းမရှိ ကြောင်းတွေ့ရှိရပါသည်။

(ဃ)     မောင်မိုးဝင်း ပထမအကြိမ် ဆေးရုံမှဆင်းပြီးနောက် ဦးအောင်ကိုမင်းနှင့် ဇနီးဖြစ်သူ ဒေါ်ပူစူးမတို့က ၎င်းအားထမင်းမကျွေး၊ ရေမတိုက်ဘဲ အိမ်အပြင်ထုတ်ပြီး မြေကြီးပေါ်တွင် ထားသဖြင့် နှင်းတောထဲတွင်အိပ်ခဲ့ရကြောင်း မောင်မိုးဝင်း၏ ထွက်ဆိုထားချက်ကို နာရေး ကူညီမှုအသင်းမှ ဦးအောင်တိုး၊ လူနာစောင့်ဒေါ်နိုင်၊ ဦးသိန်းဇံ၊ ဦးအောင်ကိုမင်း (တိုင်ကြားခံရသူကိုယ်တိုင်)၊ ဒေါ်ပူစူးမ (တိုင်ကြားခံရသူ၏ ဇနီး) တို့၏ ထွက်ဆိုချက် များတွင် မှန်ကန်ကြောင်း ထွက်ဆိုထားကြသည့်အပြင် ဆေးရုံအုပ်ဒေါက်တာမြသန်းက “ ဒုတိယအကြိမ်ဆေးရုံတက်သည့်အခါ အဟာရပြတ်ခြင်း၊ သကြားဓာတ်လွန်မင်းစွာ လျော့ နည်းခြင်းဖြစ်နေပြီး သတိလစ်နေသည်” ဟုထွက် ဆိုထားသဖြင့် မှန်ကန်ကြောင်း တွေ့ရှိရ ပါသည်။

(င)       ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက စတင်၍ အလုပ်လုပ်ကိုင်ခဲ့သော်လည်း တိုင်ကြားသည့် အချိန်အထိ လုပ်ခငွေများရရှိခြင်းမရှိသေးကြောင်း မောင်မိုးဝင်းက ထွက်ဆိုထားသည်ကို ဦးအောင်ကိုမင်းနှင့် ဇနီးဒေါ်ပူစူးမတို့က လုပ်ခထုတ်ပေးသည့် မှတ်တမ်းများတင်ပြငြင်း ဆိုခဲ့ကြပါသည်။ သို့ရာတွင် ဒေါ်ပူစူးမ၏ လုပ်ခငွေထုတ်ပေးမှု စာရင်းစာအုပ်တွင်ပါရှိသော လက်မှတ်အချို့မှာ မှင်အဟောင်းဖြစ်ပြီး လက်မှတ်အချို့မှာ မှင်အသစ်ဖြစ်နေသည်ကို တွေ့ရခြင်း၊ ငွေစာရင်းစာအုပ်ပါ မောင်မိုးဝင်း၏ လက်မှတ်နှင့် စစ်ကြောချက်တွင် ၎င်းကိုယ်တိုင် ရေးထိုးထားသော လက်မှတ်များမှာ မတူကွဲပြားနေခြင်းများတွေ့ရှိရပါသည်။

(စ)       မိုင်းရှူးရဲစခန်းသို့ သွားရောက်၍ အမှုဖွင့်လိုသည်ဟု ပြောသော်လည်း အမှုဖွင့်မပေးပါဟု တိုင်တန်းစာတွင် ဖော်ပြထားခြင်းနှင့်ပတ်သက်၍ ဒေါ်သန်းဌေးတို့သည် အမှုမဖွင့်လိုဘဲ လျော်ကြေးငွေ သိန်း (၃၀) ကိုသာ တောင်းပေးစေလိုကြောင်း ဒုရဲမှူးသန်းဦးက ထွက်ဆိုထားပါသည်။ ဒေါ်သန်းဌေးတို့က အမှုဖွင့်လိုကြောင်း လာရောက်ပြောကြားသည်ကို ရဲအရေးမပိုင်သဖြင့် စခန်းမှူးနှင့်တွေ့ဆုံရန် ရဲတပ်ကြပ်ကြီး (စာရေး) သန်းနိုင်ထွန်းက စီစဉ်ပေးခဲ့သော်လည်း ရဲလုပ်ငန်းစနစ်နှင့်အညီ ဖြစ်စဉ်အကြောင်းအရာများကို အရပ်ရပ် နေ့စဉ်မှတ်တမ်း (GD) တွင် ရေးမှတ်ခြင်းမပြုခဲ့ကြောင်း တွေ့ရှိရပါသည်။

(ဆ)     ညောင်ဦးမြို့မရဲစခန်းမှ ရဲအုပ်သန်းဌေးမြင့်နှင့် ရဲတပ်ကြပ်ကြီးမျိုးအောင်တို့က မိုင်းရှူး ရဲတပ်ဖွဲ့မှ ပို့လိုက်သောစွပ်စွဲစာကိုပြပြီး သားဖြစ်သူမောင်မိုးဝင်းကို လက်ထိပ်ခတ်ခဲ့ သည်ဟု ဒေါ်သန်းဌေးက တိုင်ကြားခြင်းနှင့်ပတ်သက်၍ ဆိုင်ကယ်မှောက်သည့် အမှုနှင့် စပ်လျဉ်း၍ တရားခံပြေးအား ကူညီစုံစမ်းပေးပါရန် မိုင်းရှူးရဲစခန်းမှ ညောင်ဦးမြို့မရဲစခန်းသို့ ပေးပို့ထားသည့်စာမိတ္တူအား စုံစမ်းစစ်ဆေးရန် စေလွှတ်လိုက်သည့်အဖွဲ့သို့ ထည့်ပေး လိုက်ခြင်းကြောင့် ညောင်ဦး မြို့မရဲစခန်းမှ တာဝန်ရှိသူ (၂) ဦးက မောင်မိုးဝင်းအား တရားခံပြေးဟုယူဆပြီး ဖမ်းဆီးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။

၃။        မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အောက်ပါအတိုင်းသုံးသပ်ပါသည်-

(က)     မောင်မိုးဝင်း ဆိုင်ကယ်စီးနင်းနေစဉ် ဦးအောင်ကိုမင်းက နောက်ဘက်မှလိုက်၍ ဦးခေါင်းကို ရိုက်နှက်ကြောင်း၊ နောက်ကျောကိုကျောက်ခဲဖြင့်ထုကြောင်း၊ မောင်မိုးဝင်းက ထွက်ဆိုထား သော်လည်း မျက်မြင်သက်သေများ မရှိသည့်အတွက် ဤအချက်နှင့်စပ်လျဉ်း၍ မှန်ကန် သည်ဟု  တထစ်ချယူဆရန် ခဲယဉ်းကြောင်းသုံးသပ်ရပါသည်။

(ခ)       မောင်မိုးဝင်း၏ထွက်ဆိုချက်အရ ၎င်းဆေးရုံတက်နေစဉ် ဦးအောင်ကိုမင်းက လာ၍ ထိုးကြိတ်ခြင်းနှင့်ပတ်သက်၍ သက်သေခိုင်မာမှုမရှိသဖြင့် မှန်ကန်သည်ဟု တထစ်ချယူဆ ရန် ခဲယဉ်းကြောင်းသုံးသပ်ရပါသည်။

(ဂ)       မောင်မိုးဝင်းအား ဦးအောင်ကိုမင်းနှင့် ဇနီးဖြစ်သူတို့ကထမင်းမကျွေး၊ ရေမတိုက်ဘဲ အိမ်အပြင် မြေကြီးပေါ်တွင်ထားခဲ့ခြင်းမှာ အခြားသက်သေနှင့် အထောက်အထားများအရ မှန်ကန်ကြောင်းတွေ့ရှိရသဖြင့် ဦးအောင်ကိုမင်းနှင့်ဒေါ်ပူစူးမတို့သည် မောင်မိုးဝင်း၏ လူ့အခွင့်အရေးကို ဥပေက္ခာပြုလိုသည့် ဆန္ဒရှိသည်ဟု သုံးသပ်ရပါသည်။

(ဃ)     ဦးအောင်ကိုမင်းထံတွင် ခိုလမ်မြို့၌ အလုပ်လုပ်နေစဉ်   မောင်မိုးဝင်း၏ ညာဘက်ခြေချောင်း များ ကျောက်ခွဲစက်အတွင်းညှပ်သွားပြီး ခြေချောင်း (၅) ချောင်းစလုံး ဖြတ်ပစ်ခဲ့ရသော် လည်း ၎င်းအတွက် ထိခိုက်နစ်နာမှုလျော်ကြေး မရရှိသေးသဖြင့် လုပ်ငန်းခွင်ထိခိုက်မှု အတွက် လျော်ကြေးရသင့်သည်ဟု သုံးသပ်ရပါသည်။

(င)       မောင်မိုးဝင်းကစတင်၍ အလုပ်လုပ်ကိုင်ခဲ့သည်မှ တိုင်ကြားသည့်အချိန်အထိ လုပ်ခငွေများ ရရှိခြင်း မရှိသေးကြောင်း ထွက်ဆိုထားပြီး ဦးအောင်ကိုမင်းနှင့် ဇနီးဒေါ်ပူစူးမတို့ တင်ပြ သော လုပ်ခထုတ်ပေးမှတ်တမ်းများတွင် မှင်အဟောင်းနှင့် မှင်အသစ်ကွဲပြားနေခြင်း၊ စာရင်း စာအုပ်ပါ မောင်မိုးဝင်း၏လက်မှတ်နှင့် စစ်ကြောချက်တွင်ရေးထိုးထားသော လက်မှတ်များ မတူကွဲပြားနေခြင်းများကြောင့် တင်ပြသည့် ငွေစာရင်းရှင်းတမ်းမှာ ပြင်ဆင်ပြုစုထားသည့် ငွေစာရင်းရှင်းတမ်း ဖြစ်နိုင်သဖြင့် မောင်မိုးဝင်းသည်ရထိုက်သော အခကြေးငွေ များ မရရှိသေးဟုသုံးသပ်ပါသည်။

(စ)       မိုင်းရှူးရဲစခန်းသို့ သွားရောက်၍ အမှုဖွင့်ချင်သည်ဟု ပြောသော်လည်း အမှုဖွင့် မပေးပါဟု တိုင်တန်းစာတွင် ဖော်ပြထားခြင်းနှင့်ပတ်သက်၍  တွေ့ရှိချက်များအရ မိုင်းရှူးရဲစခန်းမှူး ဒုရဲမှူးသန်းဦးနှင့် ရဲတပ်ကြပ်ကြီး (စာရေး) သန်းနိုင်ထွန်းတို့သည် ၎င်းတို့ထမ်းဆောင် ရမည့် ရဲလုပ်ငန်းတာဝန်များကို ပြည့်စုံစွာဆောင်ရွက်ခဲ့ခြင်းမရှိဟု သုံးသပ်ရပါသည်။

(ဆ)     ညောင်ဦးမြို့မရဲစခန်းမှ ရဲအုပ်သန်းဌေးမြင့်နှင့် ရဲတပ်ကြပ်ကြီးမျိုးအောင်တို့က သားဖြစ်သူ မောင်မိုးဝင်းကို မိုင်းရှူးရဲတပ်ဖွဲ့မှ ပို့လိုက်သော စွပ်စွဲစာကိုပြပြီး လက်ထိပ်ခတ်ခဲ့သည်ဟု ဒေါ်သန်းဌေးက တိုင်ကြားခြင်းနှင့်ပတ်သက်၍ ဒုရဲမှူးသန်းဦး၏ လွဲမှားသော လုပ်ဆောင် မှုကြောင့်် ရဲလုပ်ငန်းစနစ်ရှုပ်ထွေးပြီး မလိုလားအပ်သောဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ဟု သုံးသပ်ရပါသည်။

၄။        မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏အကြံပြုတိုက်တွန်းချက်များမှာ-

(က)     မောင်မိုးဝင်းအား ဦးအောင်ကိုမင်း၏နေအိမ်တွင် ၎င်းအား ထမင်းမကျွေး ရေမတိုက်ဘဲ အိမ်အပြင်ထုတ်ထားခြင်းကြောင့် ၎င်းတို့နှစ်ဦးအား ဥပဒေကြောင်းအရ လိုအပ်သလိုအရေး ယူခြင်းနှင့် နစ်နာသူ မောင်မိုးဝင်းအားလူမှုရေးအရ ကုစားပေးခြင်းများ ဆောင်ရွက်ပေး သင့်ပါသည်။

(ခ)       ဦးအောင်ကိုမင်းထံတွင် ခိုလမ်မြို့၌ အလုပ်လုပ်နေစဉ်   မောင်မိုးဝင်း၏ ညာဘက်ခြေချောင်း များသည် ကျောက်ခွဲစက်အတွင်းညှပ်သွားပြီး ခြေချောင်း (၅) ချောင်းစလုံး ဖြတ်ပစ်ခဲ့ရ သော်လည်း ၎င်းအတွက် ထိခိုက်နစ်နာမှုလျော်ကြေး မရရှိသေးသဖြင့် အလုပ်သမား ဥပဒေအရ လျော်ကြေးရရှိနိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ဂ)       မောင်မိုးဝင်းသည် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ လုပ်ခငွေများ အပြည့်အဝ ရရှိခြင်း မရှိသေးသဖြင့် မောင်မိုးဝင်းအတွက် ရထိုက်သော လုပ်ခငွေများရရှိရေး သက်ဆိုင်ရာမှ စိစစ်ဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)     မိုင်းရှူးရဲစခန်းမှူး ဒုရဲမှူးသန်းဦးနှင့် ရဲတပ်ကြပ်ကြီး (စာရေး) သန်းနိုင်ထွန်းတို့သည် ၎င်းတို့ ထမ်းဆောင်ရမည့် ရဲလုပ်ငန်းတာဝန်များကို ပြည့်စုံစွာ ဆောင်ရွက်ခဲ့ခြင်း မရှိသဖြင့် ၎င်းတို့နှစ်ဦးအား သက်ဆိုင်ရာမှ သင့်တော်သလို အရေးယူသင့်ပါသည်။

(င)       ထို့ပြင် မိုင်းရှူးရဲစခန်းမှူး ဒုရဲမှူးသန်းဦး၏ လုပ်ဆောင်မှုကြောင့်် ညောင်ဦးရဲစခန်းတွင် ရဲလုပ်ငန်းစနစ်ရှုပ်ထွေးပြီး မလိုလားအပ်သောဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းကြောင့် ၎င်းအား သက်ဆိုင်ရာမှ သင့်တော်သလို အရေးယူသင့်ပါသည်။

၅။        စသည်ဖြင့် သုံးသပ်ချက်နှင့် အကြံပြုချက်များပါဝင်သည့် အစီရင်ခံစာကို ပြည်သူ့လွှတ်တော်ရုံးနှင့် နိုင်ငံတော် သမ္မတဦးစီးရုံးသို့လည်း ပေးပို့တင်ပြထားပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ   ၆    ရက်