မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဖြစ်ပွားခဲ့သော ခင်ပွန်းဖြစ်သူနှင့် ယောက်မတို့မှ အတင်းအဓမ္မကိုယ်ဝန်ဖျက်ချခိုင်းခြင်းဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၇/၂၀၁၆)

၁။      မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်နေ ဒေါ်ဟေမာန်စိုးမှ ၁၇-၁၂-၂၀၁၄ နေ့ တွင် ဦးကျော်ကျော်ဝင်းဆိုသူနှင့် တရားဝင်လက်ထပ်ပြီး ကိုယ်ဝန်ရရှိချိန်တွင် ၂၅-၃-၂၀၁၅ နေ့၌ ၎င်း၏ခင်ပွန်းဖြစ်သူနှင့် အစ်မဖြစ်သူတို့က အရပ်လက်သည်နှင့် ကိုယ်ဝန်ကို အဓမ္မ ဖျက်ချခဲ့ကြောင်း၊ လှိုင်သာယာရဲစခန်းသို့ တိုင်ကြားခဲ့ရာတွင် လှိုင်သာယာမြို့နယ်တရားရုံး သို့ လွှဲပေးခဲ့ကြောင်း၊ ဥပဒေမဲ့စွာ ပြုမူခံရခြင်းနှင့်ပတ်သက်၍ ဖော်ထုတ်အရေးယူ ပေးစေလို ကြောင်း စသည့်အချက်များပါဝင်သော ၁၇-၇-၂၀၁၅ နေ့စွဲတိုင်ကြားစာကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က လက်ခံရရှိခဲ့ပါသည်။

၂။      ကော်မရှင်မှ စုံစမ်းချက်အရ ၎င်းအမှုကို လှိုင်သာယာမြို့နယ်တရားရုံးမှ ၁၀-၆-၂၀၁၅ နေ့တွင် ပြစ်မှုကြီးအမှတ် (၁၅၁၉/၂၀၁၅) ဖြင့် လက်ခံပြီး၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၂ ဖြင့် လှိုင်သာယာရဲစခန်းသို့ စစ်ဆေးရန် ၁၅-၇-၂၀၁၅ နေ့တွင် လွှဲပေးခဲ့ကြောင်း၊ ၂၈-၁-၂၀၁၆ နေ့တွင်မှ ရဲစခန်း၏စစ်ဆေးချက်ကို တရားရုံးသို့ ပြန်လည်တင်ပြနိုင်ခဲ့ကြောင်း၊ တရားရုံးသို့ အမြန်တင်ပြရန် ကြီးကြပ်မှုအားနည်းခဲ့သည့်ရဲစခန်းမှူးနှင့် အမှုစစ်ရဲအရာရှိတို့ အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူဆောင်ရွက်လျက် ရှိကြောင်း၊ ရဲစခန်းမှ စုံစမ်းနေစဉ် တရားရုံးမှ ချိန်းဆိုသဖြင့် ဒေါ်ဟေမာန်စိုးသည် ရုံးချိန်း ၁၂ ချိန်းထိ သွားရောက်ခဲ့ရသော်လည်း စွပ်စွဲခံရသူများအား စစ်မေးခြင်းမရှိသေးကြောင်း၊  စွပ်စွဲခံရသူ ၅ ဦးအား ရာဇသတ်ကြီး ပုဒ်မ ၃၁၅ နှင့် ၃၄ တို့ဖြင့် စွဲဆိုပြီး ၄ ဦးအား အာမခံ ပေးထားကြောင်း၊ ခင်ပွန်းဖြစ်သူ ဦးကျော်ကျော်ဝင်းမှာ တရားခံပြေးဖြစ်နေကြောင်း သိရှိရ ပါသည်။

၃။      ဤကိစ္စသည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၃ ဖြစ်သော အသက်ရှင် သန်ခွင့်နှင့်လူပုဂ္ဂိုလ်လုံခြုံမှုကို ချိုးဖောက်ရာရောက်ပြီး၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၂၅ (၂) ဖြစ်သော မိခင်နှင့် ကလေးတို့ ရပိုင်ခွင့်ရှိသော အခွင့်အရေးကို မျက်ကွယ် ပြုရာရောက်ပါသည်။ ထို့ပြင်ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၅၁ ကိုလည်း လစ်လျူရှုရာရောက်ပါသည်။

၄။      သို့ဖြစ်ပါ၍ ပြစ်မှုကျူးလွန်သူများအား သက်ဆိုင်ရာတရားရုံးများမှ ထိရောက်လျင် မြန်စွာ စစ်ဆေးစီရင်ပေးပါရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၁၆ ခုနှစ်၊ မေလ   ၁၆    ရက်