ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက် ရေးစခန်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (  ၉  /၂၀၁၆)

၁။      ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်ငူအကျဉ်းထောင်၊ (၄) မိုင် ကျောက်ထုတ်လုပ်ရေးစခန်း၊  တောင်ငူမြို့မရဲအချုပ်ခန်း၊ အမှတ် (၂) နှင့် အမှတ် (၃) ရဲအချုပ်ခန်း၊  တရားရုံးအချုပ်ခန်း၊ ဆေးရုံ အချုပ်ခန်း၊ ရေတာရှည်၊ ကေတုမတီနှင့် ဖြူးမြို့ ဘိုးဘွားရိပ်သာများ၊ တောင်ငူမြို့ ဇေယျာသီရိ အမျိုး သမီးဂေဟာနှင့် ဒိုက်ဦးမြို့ ကန်တော်မင်္ဂလာပရဟိတဂေဟာများအား  မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်နှင့် ဒေါ်မြမြ တို့ သည် ကော်မရှင် ရုံးဝန်ထမ်းများ လိုက်ပါလျက် ၂၀-၆-၂၀၁၆ နေ့မှ ၂၃-၆-၂၀၁၆ နေ့အထိ ကြည့်ရှု စစ်ဆေး၍ သက်ဆိုင်ရာ ဝန်ထမ်းများအား လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေနှင့် လက် ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အကျဉ်းသား/ အချုပ်သား ၆၂ ဦး၊ အကျဉ်းသူ/ အချုပ်သူ ၁၄ ဦး တို့နှင့် တွေ့ဆုံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များနှင့် အကြံပြုတိုက်တွန်းချက်များ

၂။      တောင်ငူအကျဉ်းထောင်

(က)    လူဦးရေ ၁၀၀၀ ဆံ့ “က” အဆင့် အကျဉ်းထောင်ဖြစ်ကြောင်း၊ လက်ရှိ အကျဉ်းသား / အကျဉ်းသူ ၁၀၆၇ ဦး၊ အချုပ်သား/အချုပ်သူ ၁၃၂ ဦး စုစုပေါင်း ၁၁၉၉ ဦးရှိကြောင်း၊ အချို့အိပ်ဆောင်များတွင် လူဦးရေကြပ်တည်းနေကြောင်းတွေ့ရှိရသဖြင့် အိပ်ဆောင်များ တိုးချဲ့ဆောက်လုပ်သင့်ပါသည်၊

( ခ)    အကျဉ်းထောင်သို့ အထူးကုဆရာဝန်များ လာရောက်သော်လည်း လိုအပ်သော ပစ္စည်း များ အပြည့်အစုံမပါရှိ၍ ရောဂါစစ်ဆေးရှာဖွေမှုများကို မပြုလုပ်နိုင်ကြောင်း သိရှိရ ပါသည်၊ လူနာများအား စမ်းသပ်ကိရိယာများ ပြည့်စုံသော ခရိုင်ဆေးရုံသို့ ပို့ဆောင်၍ ရောဂါစမ်းသပ်ရှာဖွေ စစ်ဆေးခြင်း၊ ကုသပေးခြင်းတို့ ဆောင်ရွက်သင့်ပါသည်၊

( ဂ)      အချို့အကျဉ်းသားလူနာများကို ခရိုင်ဆေးရုံသို့ လွှဲပြောင်းကုသရန် Refer တင်ထား သော်လည်း ရက်များစွာကျော်လွန်မှ ခွင့်ပြုချက်ရရှိ၍ အချို့လူနာများရောဂါ ပိုမို ဆိုး ရွားသွားကြောင်း သိရှိရပါသည်၊ Refer အမြန်ဆုံးရရှိရေး ဆောင်ရွက်သင့်ပါသည်၊

(ဃ)     လစဉ်ဆေးဝါးဝယ်ယူရန်အတွက် နှစ်သိန်းကျပ်ခန့်သာ ဘတ်ဂျက်ခွင့်ပြုငွေမှ သုံးစွဲခွင့် ပြုကြောင်း၊ လက်ရှိ အကျဉ်းသား လူနာအရေအတွက်၊ ဖြစ်ပွားသောရောဂါတို့နှင့် နှိုင်းယှဉ်ပါက လုံလောက်မျှတမှု မရှိကြောင်း တွေ့ရှိရသဖြင့် လိုအပ်သော ဆေးဝါး များဝယ်ယူရန် ခွင့်ပြုငွေကို ပိုမိုချမှတ်ပေးသင့်ပါသည်၊

( င)    နေသား ၁၄ နှစ်ကျော်လွန်နေသော အကျဉ်းသား ၁၁ ဦး၊ အကျဉ်းသူ ၁ ဦး ရှိကြောင်း တွေ့ရှိရသဖြင့် ၎င်းတို့၏ ပြစ်မှုပြစ်ဒဏ်များနှင့်ပတ်သက်၍ စဉ်းစားသုံးသပ်နိုင်ရေး အကျဉ်းထောင်လက်စွဲနှင့်အညီ  ဆောင်ရွက်သင့်ပါသည်၊

(စ)     အကျဉ်းထောင်အတွင်း၌ ယင်ကောင်များပြားစွာ တွေ့ရှိရ၍ အကျဉ်းသားများ၏ ကျန်းမာ ရေးထိခိုက်နိုင်သဖြင့် ယင်ကောင်များကို နှိမ်နင်းဖယ်ရှားသင့်ပါသည်၊

(ဆ)    မီးဖိုဆောင်အတွင်း ခင်းထားသော ကျောက်ပြားများကွဲအက်နေပြီး ခေါင်မိုးများ ပေါက်ပြဲ နေကြောင်း တွေ့ရှိရသဖြင့် လဲလှယ်သင့်ပါသည်၊

(ဇ)     အချို့သောက်ရေသန့်ဘူးများ သန့်ရှင်းမှုမရှိကြောင်း တွေ့ရှိရသဖြင့် သန့်ရှင်းစွာထားရှိ သင့်ပါသည်၊

(ဈ)     တရုတ်နိုင်ငံသား အကျဉ်းသား နှစ်ဦးက တရုတ်သံရုံးနှင့်ဆက်သွယ်လိုကြောင်း သတင်း ပို့သဖြင့် သက်ဆိုင်ရာသို့ ဆက်သွယ်ဆောင်ရွက်ပေးသင့်ပါသည်၊

(ည)    အမျိုးသမီး အိပ်ဆောင်အတွင်း ဘာသာရေးနှင့်သက်ဆိုင်သည့် စာအုပ်များကို အခြား သော ပစ္စည်းများနှင့်အတူ ရောနှောမထားရှိလိုကြောင်း သတင်းပို့သဖြင့် စာအုပ်စင်များ ပြုလုပ်ပေးသင့်ပါသည်၊

(ဋ)     နှစ်ကြီးအကျဉ်းသား၊ အကျဉ်းသူ အချို့မှ အယူခံဝင်ရောက်မှု အခြေအနေများကို သိရှိလို ကြောင်း ပြောကြားလာသဖြင့် ဆောင်ရွက်မှုနှင့် တိုးတက်မှုအခြေအနေများကို အချိန်နှင့် တပြေးညီ အသိပေး ပြောကြားသင့်ပါသည်၊

(ဌ)     တစ်ခါတစ်ရံ ထောင်ဝင်စာ ပစ္စည်းများစုံလင်စွာမရရှိကြောင်း သိရှိရသဖြင့် နေ့စဉ်  ကြပ်မတ်ဆောင်ရွက်ပေးသင့်ပါသည်၊

(ဍ)     ရေလောင်း အိမ်သာများ၌ ရေဆွဲချတိုင်း အနံ့ဆိုးများ ထွက်ပေါ်လေ့ရှိကြောင်း သိရှိရ သဖြင့် မိလ္လာကန်များမှ အနယ်အနှစ်များအား စုတ်ထုတ်ခြင်း၊ ရေဆိုးမြောင်းများ တစ်လျောက် ရေစီးရေလာကောင်းအောင် ပြုလုပ်ခြင်းများကို ဆောင်ရွက်သင့်ပါသည်၊

(ဎ)     အချို့အကျဉ်းသား/အချုပ်သားအသစ်များ ပုံစံထိုင်ရာတွင် ဆဲဆိုရိုက်နှက်မှုခံရ ကြောင်း၊ အိပ်ဆောင်အတွင်း တစ်နေ့ လေးခါ တန်းစီ၍ ပုံစံထိုင်ရခြင်းမှာ ကြာမြင့်ကြောင်း ကြားသိရသဖြင့် ဖြေလျော့မှုများ ပြုလုပ်ပေးသင့်ပါသည်၊

(ဏ)   အချို့ အိပ်ဆောင်များတွင် ဘေးတန်း၌နေထိုင်လိုမှု၊ အလုပ်စခန်းနှင့် အခြားထောင်များ သို့ ပြောင်းရွှေ့လိုမှု၊ မပြောင်းရွှေ့လိုမှုများအတွက် အပေးအယူများရှိနေကြောင်း သိရှိရ သဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်သင့်ပါသည်၊

(တ)    အမျိုးသမီးလစဉ်သုံး ပစ္စည်းများ မရရှိကြောင်း သိရှိရသဖြင့် ရရှိရေး ဆောင်ရွက်ပေးသင့် ပါသည်။

၃။     တောင်ငူ (၄) မိုင် ကျောက်ထုတ်စခန်း

(က)    လူဦးရေ ၃၀၀ ဆံ့ “ခ” အဆင့် အလုပ်စခန်းဖြစ်သော်လည်း လက်ရှိ အကျဉ်းသား ၃၅၂ ဦးရှိသဖြင့် ဝင်ဆံ့မှုထက်ကျော်လွန်နေပါသည်၊ သတ်မှတ်အရေအတွက်အတိုင်းသာ ထား ရှိခြင်း သို့မဟုတ် အဆင့်တိုးမြင့် သတ်မှတ်ခြင်းများကို ဆောင်ရွက်သင့်ပါသည်၊

( ခ)    အိပ်ဆောင်အတွင်း  လေဝင် လေထွက် နည်းပါး ပါသည်၊  လေဝင် လေထွက် ကောင်းမွန် စွာ ရရှိ ရေး ဆောင်ရွက်သင့်ပါသည်၊

( ဂ)    ဆေးထိုးအပ်မလုံလောက်၍ တစ်ခါသုံးဆေးထိုးအပ်များကို ပြန်လည်သုံးစွဲနေကြောင်း သိရှိရသဖြင့်  ဆေးထိုးအပ်များ လုံလောက်စွာထားရှိသင့်ပါသည်၊

(ဃ)    လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အကာအကွယ် ပစ္စည်းများ တပ်ဆင် အသုံးပြုလေ့မရှိသည်ကို သိရှိရသဖြင့် အကာအကွယ်ပစ္စည်းများ တပ်ဆင် အသုံးပြုနိုင် ရေး ကြပ်မတ်ဆောင်ရွက်သင့်ပါသည်၊

( င)    ထမင်းချက်ဆောင်နှင့် ဖွဲဂိုဒေါင်တွင် အကာအရံ မရှိကြောင်း၊ မိုးရာသီ၌ မိုးပက်၍ ရေစို နိုင်ကြောင်း တွေ့ရှိရသဖြင့် အကာအရံ ပြုလုပ်ပေးသင့်ပါသည်၊

( စ)    လွတ်ရက်နှင့် ထောက်ပံ့ကြေးငွေရရှိမှုများကို ကြိုတင်ရှင်းလင်း ပြောဆိုမှုမရှိကြောင်း သိရှိ ရသဖြင့် ပွင့်လင်းမြင်သာစွာ ပြောဆို အသိပေးသင့်ပါသည်၊

(ဆ)    တစ်ခါတစ်ရံ ဟင်းသီးဟင်းရွက်များကို သန့်စင်စွာ ဆေးကြောမှုမပြုကြောင်း သိရှိရ သဖြင့် သန့်ရှင်းစင်ကြယ်စွာဆေးကြောပြီးမှ ချက်ပြုတ်သင့်ပါသည်၊

( ဇ)    လုပ်ငန်းခွင်တွင် အကျဉ်းသားခွဲမှူး၊ စိတ်မှူးများမှ ဆဲဆိုလေ့ရှိကြောင်း သိရှိရ သဖြင့် ပြေပြစ်စွာ ပြောဆိုဆက်ဆံသင့်ပါသည်၊

(ဈ)     လုပ်ငန်းခွင်မှအပြန် ရေချိုးရာတွင် ရေချိုးကန်အတွင်းရှိရေမှာ ပူနေသဖြင့် ရေချိုး ကန်များကို အမိုးမိုးပေးသင့်ပါသည်၊

(ည)    လုပ်ငန်းခွင်အတွင်း ယင်ကောင်များပြားနေပြီး အကျဉ်းသားများ၏ ကျန်းမာရေး ထိခိုက် နိုင်သဖြင့် ယင်ကောင်များကို နှိမ်နင်းသင့်ပါသည်၊

 (ဍ)    ကျန်းမာရေးဝန်ထမ်း ၁ ဦးသာရှိသဖြင့် ဖွဲ့စည်းပုံ အင်အားနှင့်အညီ ခန့်အပ် ပေးသင့် ပါသည်။

၄။     တောင်ငူမြို့မ ရဲစခန်း အချုပ်ခန်း

(က)    အချုပ်သား ၁၉  ဦး ၊ အချုပ်သူ ၁ ဦးကို ကောင်းမွန်စွာ တွေ့ရှိရပါသည်၊

(ခ)     အချုပ်ခန်းအတွင်းရှိ အိမ်သာ၊ ရေချိုးခန်းများ ညစ်ပတ်နေသဖြင့် သန့်ရှင်းရေး ပြုလုပ် သင့်ပါသည်၊

( ဂ)    ကြမ်းခင်းများ မညီမညာဖြစ်နေသဖြင့် ပြုပြင်သင့်ပါသည်၊

(ဃ)    အချုပ်သား စာရင်းတွင် ကိုယ်ရေးအချက်အလက်များ ပြည့်စုံစွာ ဖြည့်သွင်းရန်လို အပ်သဖြင့် အချက်အလက်များ မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းသင့်ပါသည်၊

(င)     မျက်နှာကြက်တွင် ကျပ်ခိုးများ တွေ့ရှိရသဖြင့်ရှင်းလင်းဖယ်ရှားသင့်ပါသည်။

၅။     တောင်ငူ အမှတ် (၂) ရဲစခန်း အချုပ်ခန်း

(က)    အချုပ်သား ၂ ဦး၊ အချုပ်သူ ၁ ဦးကို ကောင်းမွန်စွာ တွေ့ရှိရပါသည်၊

( ခ)    အမျိုးသားအချုပ်ခန်း အိမ်သာကြွေခွက်ကွဲအက်နေပြီး မစင်များပြည့်နေသဖြင့် ကြွေခွက် လဲလှယ်၍ သန့်ရှင်းရေး ပြုလုပ်သင့်ပါသည်၊

( ဂ)    အချုပ်ခန်းများအတွင်း အလင်းရောင်၊ လေဝင် လေထွက် အားနည်းပြီး အောက် သိုးသိုးအနံ့အသက်များရှိနေသဖြင့် လေဝင် လေထွက် ကောင်းမွန်ရေး ဆောင်ရွက် သင့်ပါသည်၊

(ဃ)    အမျိုးသားအချုပ်ခန်းအတွင်း စားကြွင်းစားကျန်များ၊ ဆေးကြောသန့်စင်ခြင်း မရှိ သော ပန်းကန်ခွက်ယောက်များ၊ ဆေးလိပ်ပြာခွက်များတွေ့ရှိရပြီး ကြွက်နှင့် ယင်များ လာရောက်နိုင်သဖြင့် သန့်ရှင်းရေးပြုလုပ်သင့်ပါသည်။

၆။     တောင်ငူ အမှတ် (၃) ရဲစခန်း အချုပ်ခန်း

        (က)    အချုပ်သား၊ အချုပ်သူများမရှိကြောင်းတွေ့ရှိရပါသည်၊

( ခ)    သုံးထပ်သားကြမ်းခင်းများ ရေစို၍ ဖောင်းကြွနေသဖြင့် ပြုပြင်သင့်ပါသည်၊

( ဂ)    အချုပ်ခန်းပါတ်လည် ပြင်ပနံရံများ ကွဲအက်နေသဖြင့်  ပြုပြင်သင့်ပါသည်။

၇။     အုတ်တွင်းရဲစခန်း၊ အမြန်လမ်းသာဂရ ရဲစခန်း၊ ကျွန်းကုန်းရဲစခန်းနှင့် ဇေယျဝတီ ရဲစခန်း။ ရဲတပ်ဖွဲ့ ဝင်အချို့သည် ပြစ်မှုကျူးလွန်သူများနှင့် မသင်္ကာသူများကို ဖမ်းဆီးစစ်ကြောရာတွင် ထိုးကြိတ်ရိုက် နှက်ခြင်း၊ ကျင်စက်ဖြင့်တို့ခြင်း၊ အပ်နှင့်ထိုးဆွခြင်း၊ တံတွေးဖြင့်ထွေးခြင်း၊ သောက်ရေမတိုက်ခြင်း၊ မိသားစုနှင့် ဆက်သွယ်ခွင့်မပြုခြင်း၊ ကျူးလွန်မှုမရှိသည်များကို အတင်းအကြပ်ဝန်ခံခိုင်းခြင်းများ ပြုလုပ်ကြသည်ဟု တောင်ငူထောင်တွင် ချုပ်နှောင်ပြီး တရားရုံး ရင်ဆိုင်နေသော အချုပ်သားအချို့မှ ပြောကြားခဲ့ကြသဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ကြပ်မတ် ဆောင်ရွက်သင့်ပါသည်။

၈။     တရားရုံးအချုပ်ခန်း

        (က)    အချုပ်သား ၂၁  ဦး၊ အချုပ်သူ ၁ ဦး တွေ့ရှိရပါသည်၊

( ခ)    အမျိုးသမီးအချုပ်ခန်းအတွင်းရှိ အိမ်သာညစ်ပတ်ပြီး အသုံးပြုရန် ရေခွက်မရှိသဖြင့် သန့်ရှင်းရေး ပြုလုပ်၍ အိမ်သာသုံးရေခွက်ထားရှိသင့်ပါသည်၊

( ဂ)    အမျိုးသား အချုပ်ခန်း အိမ်သာ ညစ်ပတ်နေသဖြင့် သန့်ရှင်းရေး ပြုလုပ်သင့်ပါသည်၊

(ဃ)    အချုပ်ခန်း သမံတလင်းပေါ်တွင်  သစ်သားကြမ်းခင်း ပြုလုပ်ပေးသင့်ပါ သည်၊

( င)    အချုပ်ခန်းများအတွင်း အမှိုက်ပုံးမရှိသဖြင့် အမှိုက်ပုံးများထားရှိသင့်ပါသည်။

၉။     ဆေးရုံအချုပ်ခန်း

(က)    အချုပ်ခန်းအတွင်း လူနာမရှိကြောင်း တွေ့ရှိရပါသည်၊

( ခ)    အချုပ်ဆောင်အားသီးခြားခြံဝင်းကာရံထားမှုမရှိသဖြင့်ခြံဝင်းကာရံထားရှိသင့်ပါသည်၊

( ဂ)    အချုပ်ဆောင် နံရံ ထောက်တန်း သစ်သားများ ခြစားနေသဖြင့် ပြုပြင်သင့်ပါသည်၊

(ဃ)    အမျိုးသမီးလူနာအတွက် သီးခြား အကာအရံနှင့် အိမ်သာမရှိသဖြင့် အကာအရံနှင့်  အိမ်သာ ပြုလုပ်သင့်ပါသည်။

၁၀။   ရေတာရှည်ဘိုးဘွားရိပ်သာ

(က)    အဘိုး ၁၁ ဦး၊ အဘွား ၂၈ ဦးကို ကျန်းမာစွာ တွေ့ရှိရပါသည်၊

( ခ)    အိမ်သာသန့်ရှင်းမှုအားနည်းကြောင်း၊ အထိုင်အထ အားပြုနိုင်ရန် လက်တန်းမရှိကြောင်း တွေ့ရှိရသဖြင့် အိမ်သာသန့်ရှင်းရေးနှင့် လက်ကိုင်တန်း ပြုလုပ်သင့်ပါသည်၊

( ဂ)    ထမင်းစားဆောင် မျက်နှာကြက်တွင် ပင့်ကူပိုးအိမ်များ တွေ့ရှိရသဖြင့် ရှင်းလင်း သင့်ပါ သည်၊

(ဃ)    ထမင်းစားဆောင်နှင့် ကပ်လျက် ဆေးရုံဝင်းအတွင်း ရေအိုင်များရှိနေခြင်း၊ ခြုံနွယ် ပိတ်ပေါင်းများရှိနေခြင်းတို့ကြောင့် ခြင်နှင့် ယင်ကောင်များပြားနေပါသည်၊ ပတ်ဝန်းကျင် သန့်ရှင်းရေး ပြုလုပ်သင့်ပါသည်၊

( င)    အဘိုးအဘွားများ၏ အိပ်ယာခင်းများဟောင်းနွမ်းနေသဖြင့် လျှော်ဖွတ် လဲလှယ်ပေး သင့်ပါသည်၊

( စ)    အိပ်ဆောင်တွင် မျက်နှာကြက်မရှိ၍ ပူအိုက်သဖြင့် မျက်နှာကြက်ပြုလုပ်သင့်ပါသည်။

၁၁။   ကေတုမတီဘိုးဘွား ရိပ်သာ

(က)    အဘိုး ၅ ဦး၊ အဘွား ၂၈ ဦး ကောင်းမွန်စွာ တွေ့ရှိရပါသည်၊

( ခ)    အထိုင်အထ အားပြုနိုင်ရန် အိမ်သာထဲတွင် လက်ကိုင်တန်းမရှိသဖြင့် လက်ကိုင်တန်း ထားရှိသင့်ပါသည်။

၁၂။   ဇေယျာသီရိအမျိုးသမီးဂေဟာ

(က)    မူကြိုမှ တက္ကသိုလ်ဝင်တန်းအထိ မိဘမဲ့၊ မိဘရှိ အမျိုးသမီးငယ် ၉၁ ဦးရှိကြောင်း တွေ့ရှိရပါ သည်၊

(ခ)     ဂေဟာ၏ သမိုင်းကြောင်းနှင့် မှတ်တမ်းစာအုပ်များမရှိသဖြင့် ရေးသား ပြုစုသင့်ပါ သည်။

၁၃။   ဖြူးမြို့ ဘိုးဘွားရိပ်သာ

(က)    အဘိုး ၇ ဦး ၊ အဘွား ၃၄ ဦးကို ကောင်းမွန်စွာ တွေ့ရှိရပါသည်၊

( ခ)    အဘွားတစ်ဦး၏ ကုတင်ကြမ်းခင်း ပေါက်ပြဲကျိုးပဲ့နေသဖြင့် ပြုပြင်ပေးသင့်ပါသည်၊

( ဂ)    အဆောက်အဦများအတွင်း၌ ပစ္စည်းများ ဖရိုဖရဲဖြစ်နေပြီး ဖုန်တက်နေသဖြင့် စနစ် တကျထားရှိသင့်ပါသည်၊

(ဃ)    ခြံဝင်းအတွင်း အမှိုက်များ စုပုံနေပြီး၊ ရေများဝပ်နေသဖြင့်  အမှိုက်များ ရှင်းလင်းပြီး ရေမဝပ်စေရန် ပြုလုပ်သင့်ပါသည်၊

( င)    အိမ်သာများ အနံ့အသက်မကောင်းသဖြင့် နေ့စဉ် သန့်ရှင်းရေး ပြုလုပ်သင့်ပါသည်။

၁၄။   ဒိုက်ဦးမြို့ ကန်တော်မင်္ဂလာပရဟိတဂေဟာ

(က)    ကိုရင်   ၂၁  ပါး၊ ကလေး ၇၂  ဦးရှိကြောင်း တွေ့ရှိရပါသည်၊

( ခ)    ကျောင်းဝင်းအတွင်း ရေဝပ်နေသဖြင့် ရေမဝပ်စေရန် ပြုလုပ်သင့်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်