နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ထုတ်ပြန်ခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် (၁/၂၀၁၄)

၁။ နိုင်ငံတော်သမ္မတရုံးက ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၅၁/၂၀၁၃) ဖြင့် နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ထုတ်ပြန်ခဲ့ခြင်းကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လှိုက်လှဲစွာကြိုဆိုပါသည်။

၂။ အစိုးရအဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ် များ စုစုပေါင်း (၁၉)ဦးဖြင့်ဖွဲ့စည်းထားသည့်လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီ က ၎င်း၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်(၁/၂၀၁၃) ထုတ်ပြန်ခဲ့သဖြင့် ကော်မတီ၏ကြိုးပမ်းမှုကို အသိအမှတ်ပြု ပါ သည်။

၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတက ၂၀၁၃ခုနှစ်အကုန်တွင် နိုင်ငံရေး အကျဉ်းသား တစ်ယောက်မှ မကျန်ရှိစေဖို့ ကတိပြုထားသည့်အတိုင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ၂၀၁၄ခုနှစ်၊ဇန်နဝါရီလ ၂ ရက်နေ့တွင် ရေဒီယိုမှတစ်ဆင့် ပြည်သူများသို့ ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းဖော်ပြခဲ့ပါသည်။ နိုင်ငံတော်သမ္မတအနေဖြင့် ယင်းကဲ့သို့ မိမိ၏ကတိကဝတ်ကို အကောင် အထည်ဖော်ဆောင်ခဲ့ခြင်းသည် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးတွင် နိုင်ငံရေး အကျဉ်းသား ဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိသင့်ဟုဆိုသည့် အယူအဆနှင့်လည်းကိုက်ညီမှုရှိပါ သည်။

၄။ မိမိတို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့်လည်း မြန်မာနိုင်ငံရှိအကျဉ်း ထောင်အသီးသီး၌ ကျခံနေရသူများကို ပြစ်ဒဏ်အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အကျဉ်း ထောင်မှ လွှတ်ပေးရေးကို အလေးထားစဉ်းစားပေးပါရန် နိုင်ငံတော်သမ္မတထံသို့ မေတ္တာရပ်ခံ တင်ပြသည့် အိတ်ဖွင့်စာနှစ်ကြိမ်ပေးပို့ခဲ့ပြီး အဆိုပါ အိတ်ဖွင့်စာအသီးသီးကို ၂၀၁၁ခုနှစ်၊ အောက်တို ဘာလ ၁၀ ရက်နေ့နှင့် နိုဝင်ဘာလ ၁၂ ရက်နေ့တို့တွင် ထုတ်ပြန်ခဲ့ပါသည်။  ကော်မရှင်က ယင်းကဲ့ သို့ မေတ္တာရပ်ခံတင်ပြခဲ့ပြီးနောက် နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အကျဉ်း ထောင်အသီးသီးတွင် ကျခံနေရသော အကျဉ်းသားများကို ပြစ်ဒဏ်အသီးသီးမှ လျှော့ပေါ့ ကျခံစေ ခြင်းနှင့် အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းသို့ ဆောင်ရွက် ခြင်းကို  ကော်မရှင်က ကြိုဆိုပါကြောင်းနှင့် အကျဉ်းထောင်အသီးသီးမှ လွှတ်ပေး ခြင်းခံရသူများ အနေဖြင့်လည်း နိုင်ငံတော်သမ္မတ၏ မေတ္တာစေတနာကို အလေးထားပြီး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးအတွက် ဥပဒေဘောင်အတွင်းမှ တစ်တပ် တစ်အား ပါဝင်ဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းကြောင်းတို့ကို  ၂၀၁၂ခုနှစ်၊ ဇန်နဝါရီ လ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန် ခဲ့ပါသည်။

၅။ ယခု နိုင်ငံတော်သမ္မတက နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး အတွက် လည်းကောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင်အားလုံးပါဝင်နိုင်စေရေးအတွက်လည်းကောင်း၊လူသားချင်းစာနာ ထောက်ထား မှုကို အလေးပေးသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်ရာ အကျဉ်း ထောင် အသီးသီးမှ လွှတ်ပေးခံရသူများအနေဖြင့် နိုင်ငံတော်သမ္မတ၏ မေတ္တာစေတနာကို အလေး ထားပြီး ၎င်း၏ ရည်ရွယ်ချက်များနှင့်အညီ ပါဝင်ဆောင်ရွက်ကြပါရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် အလေးအနက် တိုက်တွန်းအပ်ပါသည်။

၆။ နိုင်ငံတော်အစိုးရသည် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက် နေသည်ဖြစ်ရာ တည်ဆဲဥပဒေများနှင့် ပြဋ္ဌာန်းချက်များအနက် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက် ရေးအတွက် အဟန့်အတားဖြစ်စေမည့် ဥပဒေများနှင့် ပြဋ္ဌာန်းချက်များကို နိုင်ငံတော် တည်ငြိမ် ရေးနှင့် အများပြည်သူအေးချမ်းသာယာရေးကို မထိပါးစေဘဲ လိုအပ်သကဲ့သို့ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့ကို အလေးထားစဉ်းစားသင့်ပါကြောင်း မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် အကြံပြုအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလ   ၃   ရက်