ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံအား ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် (၄ / ၂၀၁၇)

၁။      ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် ကျင်းပလျက်ရှိကြပါသည်။

၂။      ဤညီလာခံကြီးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၈) ဖွဲ့အပြင် NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများပါ ပါဝင် တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ အားတက်သရော ကြိုးပမ်းအားထုတ်မှုများကို ကော်မရှင်က ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကြိုဆိုထောက်ခံအပ်ပါ သည်။

၃။      ညီလာခံကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းဖြင့် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက် ရှိသည့် ရေရှည်တည်တံ့ ခိုင်မြဲသောငြိမ်းချမ်းရေးကို ရရှိ ဖော်ဆောင်ရာတွင်များစွာ အထောက်အကူ ဖြစ်မည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ယုံကြည်ပါကြောင်း ဖော်ပြအပ် ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၂၄ ရက်