တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းကို နှစ်ဖက် သဘောတူ ညှိနှိုင်း ပြုစုရေးဆွဲ ပြီးစီးကြောင်း အတည်ပြုချက်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ထုတ်ပြန်ချက် ထုတ်ပြန်ချက်အမှတ် (၄/၂၀၁၅)

၁။      ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းကို နှစ်ဖက်သဘောတူ ညှိနှိုင်း ပြုစုရေးဆွဲ ပြီးစီးကြောင်း အတည်ပြု လက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ သမိုင်းဝင် အောင်မြင်မှုတစ်ရပ်အဖြစ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

၂။      ဤဆွေးနွေးပွဲမှ ရရှိထားသော သဘောတူစာချုပ် (အတည်ပြုမူကြမ်း) ကို သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးတို့က မိမိတို့၏ ခေါင်းဆောင်များထံ တင်ပြ အတည်ပြုချက်များ ရယူပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ကို တရားဝင် လက်မှတ်ရေးထိုး ကြမည်ဖြစ်ရာ အဆိုပါ လုပ်ငန်းစဉ်အား ချောမွေ့လျင်မြန်စွာ အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ကော်မရှင် အနေဖြင့် မျှော်လင့်ပါသည်။

၃။      ယင်းကဲ့သို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ချောမွေ့ လျင်မြန်စွာ လက်မှတ် ရေးထိုးနိုင်ခြင်းအားဖြင့် ပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ စတင် ကျင်းပနိုင်ရန် များစွာ အထောက်အကူ ဖြစ်စေမည်ဟု ကော်မရှင်အနေဖြင့် ယုံကြည်ကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်