စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် တည်ရှိသော အကျဉ်းထောင်၊ ရဲအချုပ်ခန်းနှင့် ခရိုင်ဆေးရုံ အချုပ်တို့အား ကြည့်ရှုစစ်ဆေးခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၂ /၂၀၁၆)

၁။      စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် တည်ရှိသော အကျဉ်းထောင်၊ ရဲအချုပ်ခန်းနှင့် ခရိုင် ဆေးရုံအချုပ်တို့ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ဒေါက်တာဉာဏ်ဇော်တို့သည် ကော်မရှင်ရုံးဝန်ထမ်း ၂ ဦး လိုက်ပါလျက် ၁၈−၂−၂၀၁၆ နေ့နှင့် ၁၉−၂−၂၀၁၆ နေ့တို့တွင် သွားရောက်ကြည့်ရှုစစ်ဆေး၍ နိုင်ငံခြားသား ၁ ဦး အပါအဝင် အကျဉ်း သား ၊ အကျဉ်းသူ ၂၀ ဦးနှင့် အချုပ်သား၊ အချုပ်သူ ၁၃ ဦးတို့အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များ

၂။         အောက်ပါအတိုင်းစစ်ဆေးတွေ့ရှိရပါသည်−

(က)    ခန္တီးအကျဉ်းထောင်

          (၁)     “ ဂ” အဆင့် အကျဉ်းထောင်ဖြစ်၍ အကျဉ်းသားဝင်ဆံ့မှုမှာ (၃၀၀) ဦး သတ်မှတ်              ထားသော်လည်း လက်ရှိ အကျဉ်းသား/အကျဉ်းသူ(၆၈၈) ဦး ဖြစ်နေကြောင်း၊                  အမျိုးသားအကျဆောင်၌ လူထားနိုင်သည့် ဧရိယာ ၃၈၂၈ စတုရန်းပေ ဖြစ် ပြီး အနိမ်ဆုံးစံချိန် (၆×၃ = ၁၈ စတုန်းပေ) ဖြင့် အကျဉ်းသား (၄၂၄) ဦးသာ ထားရှိသင့်သော်လည်း လက်ရှိ ၄၄၉ ဦး ထားရှိ ကြောင်း၊ အမျိုးသား အချုပ်ဆောင်၌ လူထားနိုင်သည့် ဧရိယာ ၁၈၄၈ စတုရန်းပေဖြစ်ပြီး အနိမ့် ဆုံးစံချိန် (၆×၃ = ၁၈ စတုန်းပေ) ဖြင့် အကျဉ်းသား ၂၀၄ ဦး ထားရှိနိုင်                 သော်လည်း အပေါ်ထပ်၌သာ အကျဉ်းသား ၁၂၂ ဦး ထားရှိပြီး၊ အောက်ထပ်၌                 မီးစက်နှင့် အကျဉ်းသားရိက္ခာများ ထားရှိကြောင်းတွေ့ရှိရပါသည်။

         (၂)     အကျဉ်းထောင်အတွင်း၌ ၂၀၁၅ ခုနှစ်အတွင်း ရောဂါအမျိုးမျိုးကြောင့် အကျဉ်း သား၁၀ ဦး သေဆုံးခဲ့ပြီး၊ ၂၀၁၆ ခုနှစ်၌ အကျဉ်းသား ၁ ဦး သေဆုံးခဲ့ပါသည်။       (၃)     ၂၀၁၅ ခုနှစ် စတုတ္တ (၃) လပတ် အထူးလျှော့ရက်ခံစားခွင့် ရှိသူနှင့် မရှိ သူများ    ဦးရေစာရင်း၌ ကျား ၅၅၇ ဦး၊ မ ၅၅ ဦး ၊ စုစုပေါင်း      ၆၁၂ ဦး ဖြစ်နေ၍ ကျန်  အကျဉ်းသား ၇၆ ဦးအား စိစစ်၍ စာရင်း ဖြည့်သွင်းရန် လိုအပ်နေပါသည်။

     (၄)     အမျိုးသားအကျဆောင်တွင် ကဲလားများ မရှိသည့်အတွက် မိုးရာသီ၌ မိုးပက်နိုင်ကြောင်းနှင့် စွတ်စိုထိုင်းမှိုင်း၍ ဖျားနာနိုင်ပါသည်။

       (၅)     အကျဉ်းထောင်မှ ထွက်ပြေးရန်ကြံစည်သော အကျဉ်းသား (၁၅) ဦးအား             တိုက်ခန်းတွင် ထားရှိပြီး ခြေကျင်း ခတ်ထားကြောင်း၊ လမ်းမလျှောက်ရသဖြင့်                 အကျဉ်းသားအချို့မှာ ခြေလက်များ ထုံကျင်ကိုက်ခဲနေကြောင်း တွေ့ရှိရပါသည်။

      (၆)    ပလတ်စတစ် ပုံးများ၌ ထမင်းဟင်းများထည့်၍ အကျဉ်းသားများသို့ ပေးအပ်မှုသည်ရေရှည်၌ ကျန်းမာရေး ထိခိုက် စေနိုင်ပါသည်။

      (၇)     မီးဖိုကြီးတွင် သမရိုးကျ သံတိုင်ကီများဖြင့် ထမင်းဟင်းချက် ပြုတ်နေ           ကြောင်းနှင့်အောက်ခြေကြမ်းပြင်များ၊ မီးဖိုအုတ်ခုံများ မှာ ဆွေးမြေ့ပေါက်    ပြဲနေကြောင်း တွေ့ရှိရပါသည်။

          (၈)     လက်ထောက်ဆရာဝန်တစ်ဦး အပါအဝင် အကျဉ်းထောင် ဝန်ထမ်း (၉) ဦး   လိုအပ်နေကြောင်း တွေ့ရှိရပါသည်။

          (၉)     ခန္တီးခရိုင်ဆေးရုံ၌ အကျဉ်းသားလူနာအား Guard Ward တွင် ထားရှိသော်လည်း အကျဉ်းသူလူနာအား အခြား အမျိုးသမီး လူနာများနှင့် အတူ ရောနှော                            ထားရှိကြောင်း တွေ့ရှိရပါသည်။

(ခ)    ခန္တီးမြို့မ ရဲအချုပ်ခန်း

    (၁)     အချုပ်ခန်း ဝင်ပေါက်သည် အမြင့် ၄ ပေခန့်သာ ရှိပြီး ခါးကုန်း၍ ဝင်ရောက် ရကြောင်း၊ ဖိနပ်များ စုပုံထားရှိခြင်း ကြောင့် အနံ့အသက်မကောင်းကြောင်း   တွေ့ရှိရပါသည်။

      (၂)     အမျိုးသားအချုပ်ခန်း အိမ်သာအတွင်း၌ မလိုအပ်သော ပစ္စည်းများ စုပုံ ရောက်ရှိနေပါသည်။

   (၃)     မူးယစ်ဆေးဝါးရောင်းဝယ်မှု ကျုးလွန်သည်ဟု ဆိုသော အချုပ်သူ ဒေါ်အေးရာအား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ရာ တွင် မျက်နှာနှင့် ဦးခေါင်း၌ ဒဏ်ရာများ ရရှိခဲ့သည်ကို တွေ့ရှိရ ပါသည်။

   (၄)     အချုပ်သားတစ်ဦးမှာ အသက်မပြည့်သေးကြောင်း၊ ပြစ်မှုမကျူးလွန်ကြောင်း၊သတ္တမတန်းအထိ ကျောင်းနေခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။

အကြံပြုတိုက်တွန်းချက်များ

၃။      အကြံပြုတိုက်တွန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်−

(က)    ခန္တီးအကျဉ်းထောင်

(၁)     အကျဉ်းသားအင်အားများပြားကြပ်တည်းသဖြင့် အကျဉ်းသား အိပ်ဆောင် များ ၊ မီးစက်နှင့် ရိက္ခာထားရှိရန် အဆောက်အဦများ တိုးချဲ့ ဆောက်လုပ်           သင့်ပါသည်။

(၂)     အကျဉ်းထောင်အတွင်း အကျဉ်းသား သေဆုံးမှု မရှိစေရေး စီမံဆောင်ရွက်သင့်ပါသည်။

(၃)     အထူးလျှော့ရက် ခံစားခွင့် ရှိသူနှင့် မရှိသူများ စာရင်း၌ ကျန်ရှိနေသော                အကျဉ်းသား (၇၆) ဦးအား စိစစ်၍ ဖြည့်စွက် ဖော်ပြသင့်ပါသည်။

(၄)     အမျိုးသားအကျဆောင်၌ ကဲလားများ တပ်ဆင်သင့်ပါသည်။

(၅)     အကျဉ်းထောင်အတွင်း၌ အကျဉ်းသားများအား သံခြေခြင်း ခတ်ခြင်းကို အကျဉ်းထောင်လက်စွဲနှင့်အညီ ဆောင်ရွက်ခြင်း၊ အချိန်သတ်မှတ်၍ လမ်း လျှောက်စေခြင်းများ ပြုလုပ်သင့်ပါသည်။

(၆)     ၅ ခန်းတွဲ တိုက်ခန်းများတွင် အပြင်သစ်သားတံခါးများ ၊ ရေချိုးကန်များ၊ အောက်ခြေသံမံတလင်းများနှင့် အုတ်နံရံများကို ပြုပြင်သင့်ပါသည်။

(၇)     ထမင်း၊ ဟင်းများကို ဒန်အိုး သို့မဟုတ် စတီးအိုးများ၌ ထည့်သွင်း အသုံး ပြုခြင်း၊ မီးဖိုကြီးကို ပြင်ဆင်မွန်းမံခြင်းများ ပြုလုပ်သင့်ပါသည်။

(၈)     အကျဉ်းထောင်ဆရာဝန်တစ်ဦး ခန့်အပ်နိုင်ရေးဆောင်ရွက်သင့်ပါသည်။

(၉)     ခန္တီးခရိုင်ဆေးရုံ၌ အကျဉ်းသူ လူနာအတွက်လည်း Guard Ward ထားရှိသင့်

ပါသည်။

(ခ)     ခန္တီးမြို့မ ရဲအချုပ်ခန်း

(၁)     အချုပ်ခန်းဝင်ပေါက် တံခါးများကို လူတစ်ရပ်အမြင့် ၆ ခန့် အထိ တိုးချဲ့ ပြုပြင်သင့်ပါသည်။

(၂)     အမျိုးသားအချုပ်ခန်းအတွင်း သန့်ရှင်းရေးနှင့် အနံ့အသက်များ ကောင်းမွန် အောင် ဆောင်ရွက်သင့်ပါသည်။

(၃)     အချုပ်သူတစ်ဦးအား ဖမ်းဆီးစဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းအား စိစစ်၍ နောင်ဖြစ်ပွားမှု မရှိအောင် သတိပြုသင့်ပါသည်။

(၄)     အသက်မပြည့်သေးဟုဆိုသော အချုပ်သားတစ်ဦး၏ အသက်နှင့် အကျင့် စာရိတ္တထောက်ခံချက်များ ရယူ၍ ကလေးသူငယ် ဥပဒေနှင့် အညီ ဆောင်ရွက် ပေးသင့်ပါသည်။

                                               မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ။  ၂၉− ၂ − ၂၀၁၆

ခန္တီးမြို့တွင် တည်ရှိသော အကျဉ်းထောင်၊ ရဲအချုပ်ခန်းနှင့် ခရိုင်ဆေးရုံ အချုပ်တို့အား ကြည့်ရှုစစ်ဆေးခြင်း မှတ်တမ်းများ