စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ကသာအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးခြင်း နှင့်ပတ်သက်သော သတင်းထုတ်ပြန်ချက်

၁။      ၂၈-၇-၂၀၁၆ နေ့က ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ကသာ မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်က ကသာအကျဉ်းထောင်တွင် လူဦး ရေ ကြပ်တည်းနေကြောင်း ဆွေးနွေးတင်ပြချက်အရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်းနှင့် ဒေါက်တာဉာဏ်ဇော်တို့သည် ကော်မရှင် ရုံးဝန်ထမ်းများ လိုက်ပါလျက် ၁၅-၈-၂၀၁၆ ရက်​​နေ့တွင် အကျဉ်းသားအိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးခြင်း၊ ၁၆-၈-၂၀၁၆ ရက်နေ့တွင် အကျဉ်းသူ အိပ်ဆောင်များ၊ ထမင်းချက် ဆောင်၊ ဆေးခန်း၊ တိုက်ခန်း၊ အိမ်သာခန်းများ၊ ရေချိုးကန်များနှင့် သောက်ရေသန့်စက်ရုံတို့ အား ကြည့်ရှုစစ်ဆေးခြင်း၊ အကျဉ်းသား၊ အချုပ်သား ၃၉ ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။

၂။      စစ်ဆေးတွေ့ရှိချက်များ

(က)   ကသာအကျဉ်းထောင်ကို ၁၈၈၆ ခုနှစ်တွင် စတင်ဖွင့်လှစ်၍ အကျဉ်းသား ဦးရေ ၃၀၀ ဦး ဝင်ဆံ့သော “ဂ” အဆင့် သတ်မှတ်ခဲ့ကြောင်း၊ အကျဉ်းထောင် အုတ်ရိုး အလျား ၂၇၈’၊ အနံ ၂၂၇’ ရှိပြီး ထောင်တွင်းဧရိယာ ၁.၃၆၄ ဧကသာ ရှိကြောင်း၊

( ခ)   ၁၉၉၅ ခုနှစ်တွင် အကျဉ်းသားဦးရေ ၁၀၀၀ ဝင်ဆံ့သော “က” အဆင့်သို့ တိုး မြှင့်ခဲ့သော်လည်း အဆောက်အဦများ ထပ်မံဆောက်လုပ်ခဲ့ခြင်း မရှိကြောင်း၊ စတင်တည်ဆောက်စဉ်ကတည်းကရှိခဲ့သော အကျဉ်းသားအိပ်ဆောင် ၂ လုံး၊ အကျဉ်းသူအိပ်ဆောင် ၁ လုံး၊ တိုက်ခန်း ၈ ခန်းနှင့် အလုပ်ရုံဆောင်တို့တွင် အကျဉ်းသား၊ အကျဉ်းသူများကို ထားရှိကြောင်း၊

( ဂ)   ၎င်းအိပ်ဆောင်များ၏စုစုပေါင်းအကျယ်အဝန်းမှာ ၈၆၄၂.၃၄ စတုရန်းပေဖြစ် ကြောင်း၊ ကုလသမဂ္ဂ၏အကျဉ်းသားတစ်ဦးချင်းအတွက် သတ်မှတ်စံနှုန်းမှာ ၁၈ စတုရန်းပေ ဖြစ်သဖြင့် စုစုပေါင်းလူဦးရေ ၄၈၀ ဦးသာ ထားရှိနိုင်ကြောင်း၊ လက်ရှိ တစ်ဦးချင်းအတွက် စံနှုန်းမှာ ၈.၆ စတုရန်းပေဖြစ်သဖြင့်များစွာ ပြွတ် သိပ်ကြပ်တည်းနေကြောင်း၊

(ဃ)   ကသာ၊ ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ဝန်းသို၊ ကောလင်း မြို့နယ်တို့မှ ပြစ်ဒဏ်ချမှတ်ပြီး အကျဉ်းသားများနှင့် ကသာခရိုင်တရားရုံး၊ ကသာမြို့နယ်တရားရုံးနှင့် အင်းတော်မြို့နယ်တရားရုံးတို့တွင် အမှုရင်ဆိုင်နေ ရသော အချုပ်သားများ ကျား ၈၆၇ ဦး၊ မ ၁၃၆ ဦး၊ စုစုပေါင်း ၁၀၀၃ ဦး အား လက်ခံထားရှိကြောင်း၊

( င)   သောက်ရေကို ရေသန့်စက်ရုံမှ တစ်ဦးလျှင် ၂ လီတာနှုန်းဖြင့် နေ့စဉ်ဖြန့်ဝေပေး ကြောင်း၊ ကုလသမဂ္ဂ၏သတ်မှတ်စံနှုန်းမှာ ၃ လီတာဖြစ်ကြောင်း၊

( စ)   ချိုးရေကန် ၃ လုံးရှိပြီး အဆက်မပြတ် ရေစက်မောင်းနှင်ပေးသဖြင့် နေ့စဉ် ချိုးရေဂါလံ ၆၀၀၀ ကျော် သုံးစွဲနိုင်ကြောင်း၊ ကုလသမဂ္ဂ သတ်မှတ်စံနှုန်းမှာ တစ်ဦးလျှင် တစ်နေ့ ၇ ဂါလံဖြစ်၍ နေ့စဉ် ချိုးရေဂါလံ ၇၀၀၀ ကျော် လိုအပ် မည်ဖြစ်ကြောင်း၊

(ဆ)   နေ့အိမ်သာ ၁၂ လုံး၊ ညအိမ်သာ ၂၁ လုံး၊ စုစုပေါင်း ၃၃ လုံးရှိကြောင်း၊ ကုလ သမဂ္ဂ စံနှုန်းမှာ အကျဉ်းသား ၂၅ ဦးလျှင် အိမ်သာ ၁ လုံး ဖြစ်သဖြင့် အိမ်သာ ၄၀ လုံး လိုအပ်မည်ဖြစ်ကြောင်း၊

( ဇ)    နေ့စဉ် လျှပ်စစ်မီး ရရှိကြောင်း၊ လစဉ်ပျမ်းမျှယူနစ် ၅၈၀၀ သုံးစွဲကြောင်း၊

( ဈ)   အကျဉ်းသားလူနာများအတွက် သုံးစွဲခဲ့ရသော ဆေးဝါးအသုံးစရိတ်မှာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လထိ လစဉ်ပျမ်းမျှ ၁ သိန်းကျော်ဖြစ်ကြောင်း၊ ဇူလိုင် လတွင် ဆေးဝါးအသုံးစရိတ် ၃ သိန်းကျပ်ခန့် သုံးစွဲခဲ့ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန (CMSD) မှ ဆေးဝါးများ မရရှိကြောင်း၊

(ည)   အကျဉ်းသားအများစုမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူများဖြစ်ကြောင်း၊ စာရင်းအရ နိုင်ငံရေးအကျဉ်းသား မရှိဘဲ နိုင်ငံခြားသား (တရုတ်) အကျဉ်းသား ၁ ဦးသာ ရှိကြောင်း၊

( ဋ)   ဖွဲ့စည်းပုံအရ ဝန်ထမ်း ၁၀၉ ဦးဖြစ်သော်လည်း လက်ရှိဝန်ထမ်း ၄၈ ဦးသာ ရှိကြောင်း၊ အကျဉ်းထောင်ဆရာဝန်သည် ၂၆-၁၂-၂၀၁၅ ရက်နေ့ကတည်းက ဘွဲ့လွန်သင်တန်း တက်ရောက်နေပြီး သူနာပြု ၁ ဦးမှာ ၃၀-၅-၂၀၁၆ ရက်နေ့မှ စ၍ ခွင့်မဲ့ပျက်ကွက်နေကြောင်း၊

( ဌ)   ၂၀၁၆ ခုနှစ်အတွင်း ကသာမြို့နယ်ဆေးရုံမှ ဆရာဝန်များက အကျဉ်း​ထောင် သို့ ၂၆ ကြိမ် လာရောက်ကြည့်ရှု ကုသပေးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်အတွင်း အကျဉ်းသား တစ်ဦးသာ သေဆုံးခဲ့ကြောင်း၊ HIV အကျဉ်းသား ၁ ဦးရှိပြီး ART ဆေး မရရှိကြောင်း၊

( ဍ)    အကျဉ်းသားအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး၊ ခရစ်ယာန်ဘာသာဝင် ၁၁ ဦးနှင့် အစ္စလာမ်ဘာသာဝင် ၇ ဦးရှိကြောင်း၊

( ဎ)   အလုပ်ရုံဆောင်တွင် အကျဉ်းသားများ ထားရှိရသဖြင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုများ ပြုလုပ်နိုင်ခြင်း မရှိကြောင်း၊

(ဏ)  ၁၀-၇-၂၀၁၆ ရက်နေ့တွင် အချုပ်သား ၃ ဦးက အကျဉ်းထောင် တံခါးကြီး အား စီးနင်းထွက်ပြေးရန် ကြံစည်ကြိုးပမ်းခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက် အရ အခြားအကျဉ်းသား ၃ ဦးနှင့် အချုပ်သား ၆ ဦးတို့ကလည်း ပူးပေါင်းကြံ စည်ခဲ့သည်ဟုဆိုပြီး လက်ရှိအကျဉ်းသား၊ အချုပ်သား ၁၂ ဦးတို့အား သံခြေ ချင်းများ ခတ်ထားကြောင်း၊

(တ)   အကျဉ်းသား နှစ်ထပ်အိပ်ဆောင် ၁ လုံးနှင့် (၆) ခန်းတွဲ နေ့အိမ်သာ အပါ အဝင် လုပ်ငန်း ၇ ခုအား တိုးချဲ့တည်ဆောက်ခွင့်ပြုရန်နှင့် အကျဉ်းသား ၂၅၀ ဦးအား အခြားအကျဉ်းထောင်သို့ ပြောင်းရွှေ့ပေးရန် ကသာအကျဉ်းထောင်က စစ်ကိုင်းတိုင်း၊ ဦးစီးမှူးရုံးနှင့် ညွှန်ကြားရေးမှူးချုပ်ရုံးသို့ တင်ပြခဲ့ကြောင်း၊

(ထ)   ၂၀၁၂ ခုနှစ်ထိ ပျမ်းမျှအကျဉ်းသားဦးရေမှာ ၆၀၀ ကျော်သာရှိခဲ့သော်လည်း တစ်နှစ်ထက် တစ်နှစ် အကျဉ်းသားဦးရေ ပိုမိုတိုးတက်များပြားလာခဲ့ကြောင်း၊ အကျဉ်းဦးစီးဌာနရုံးချုပ်မှ လာရောက်ကြည့်ရှုစစ်ဆေးခြင်း၊ စီမံခန့်ခွဲပေးခြင်း နှင့် ဖြည့်ဆည်းပေးခြင်းများ မရှိခဲ့ကြောင်း၊

၃။      အကြံပြုတိုက်တွန်းချက်များ

(က)   လူဦးရေများပြားကြပ်တည်းနေသဖြင့် အကျဉ်းသားအိပ်ဆောင်များ၊ စားဖိုဆောင် နှင့် အကျဉ်းထောင်အုတ်ရိုးတို့အား တိုးချဲ့တည်ဆောက်ခြင်း၊ သတ်မှတ်စံနှုန်း များနှင့် ကိုက်ညီသော သောက်ရေ၊ သုံးရေနှင့် အိမ်သာများ စီမံပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးသင့်ပါသည်။

( ခ)   ဖွဲ့စည်းပုံနှင့်အညီ ဝန်ထမ်းများ တိုးချဲ့ခန့်အပ်သင့်ပါသည်။ သင်တန်းတက် ရောက်နေသောဆရာဝန်နှင့် ခွင့်မဲ့ပျက်ကွက်နေသောသူနာပြုတို့အတွက် အစား ထိုး တောင်းခံသင့်ပါသည်။

( ဂ)   အကျဉ်းထောင်တံခါးကြီးအား စီးနင်းထွက်ပြေးရန် ကြံစည်ကြိုးပမ်းခဲ့သော အကျဉ်းသား ၃ ဦးနှင့် ဆက်စပ်ပတ်သက်၍ သံခြေချင်းခတ်ထားသော အကျဉ်း သား ၉ ဦးတို့အား အကျဉ်းထောင်လက်စွဲဥပဒေနှင့်အညီ ဆောင်ရွက်သင့် ပါသည်။

(ဃ)   အကျဉ်းဦးစီးဌာနရုံးချုပ်မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ လက်ရှိဘဏ္ဍာရေး နှစ်အတွင်း အရေးပေါ် တိုးချဲ့ဆောင်ရွက်ရမည့်လုပ်ငန်းများအတွက် တိုးမြှင့် ရန်ပုံငွေ (R.E) ရရှိအောင် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သင့်ပါသည်။

( င)   ကူးစက်ရောဂါများ ဖြစ်ပွားမလာစေရန် ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပွားလာပါ က လိုအပ်မည့် ဆေးဝါးနှင့် အသုံးအဆောင်များ စီမံထားရှိခြင်းတို့ကို ပြုလုပ် သင့်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်